Home
မြန်မာသတင်း
မုံရွာထောင်မှ နိုင်ကျဉ်းများတင်လာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရမှု လက်သည်မပေါ်သေး
DVB
·
August 17, 2023

စစ်ကိုင်းတိုင်း၊ မုံရွာထောင်က နိုင်ငံရေးအကျဉ်းသားတွေကို တင်ဆောင်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းဟာ ဩဂုတ် ၁၅ ရက်က မန္တလေးတိုင်းဘက်ကိုအသွား လမ်းတနေရာမှာ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် မိုးကာဖျင်တွေအုပ်ထားတဲ့ စစ်ကောင်စီယာဉ်တန်းပေါ်က နိုင်ငံရေးအကျဉ်းသား ဒေါက်တာဇော်ထွယ်အောင် ကျဆုံးခဲ့ပြီး သူနဲ့အတူ ခြေချင်းအတူတွဲခတ်ခံထားရတဲ့ နိုင်ကျဉ်း ကိုအာကာငြိမ်းချမ်းဟာ ပြင်းထန်ဒဏ်ရာနဲ့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

စစ်ကားမောင်းတဲ့ ယာဉ်မောင်းတယောက်လည်း သေဆုံးခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုရဲ့ လက်သည်ကို အခုအချိန်အထိ စုံစမ်းနေဆဲဖြစ်တယ်လို့ မုံရွာသပိတ် ဦးဆောင်ကော်မတီဝင်တယောက်က ပြောပါတယ်။

“ဒေါက်တာဇော်ထွယ်အောင်နဲ့ ခြေချင်းတွဲခတ်ခံထားရတဲ့ တယောက်က စိုးရိမ်ရတယ်။ တယောက်က ကားသမားဆိုတော့ နိုင်ကျဉ်းတော့ မဟုတ်ဘူးဗျ။ ဘယ်အဖွဲ့က လုပ်တယ်၊ ဘယ်ဘက်ကလဲ ဆိုတာတော့ ကျနော်တို့လည်း အခုအထိ အတည်ပြုဖို့ ခက်နေတုန်းပဲဗျ။ နိုင်ငံရေးအကျဉ်းသားတွေပါတဲ့ဟာ ထောင်ပြောင်းမယ်ဆိုတာတော့ ကျနော်တို့က သိထားပြီးတော့ နီးစပ်ရာလမ်းကြောပေါ်က အဖွဲ့တွေကိုတော့ အကြောင်းကြားထားတယ်ဗျ။ အဲဒီအဖွဲ့တွေ ပူးပေါင်းပါဝင်မှုကတော့ အပြည့်ရှိတယ်ဗျ။ ဒီကြားထဲက ဖြစ်သွားတယ်ဆိုတော့ ကျနော်တို့လည်း သေချာတော့ စုံစမ်းနေတယ်ဗျ။”

နိုင်ကျဉ်းတွေကို မုံရွာထောင်ကနေ မန္တလေး အိုးဘိုထောင်နဲ့ မြင်းခြံထောင်တွေကို ရွှေ့ပြောင်းမယ့် အခြေအနေကို တော်လှန်ရေးအင်အားစုတွေဘက်က ကြိုတင်သတင်းရခဲ့ပြီး တိုက်ခိုက်မှုတွေမလုပ်ဖို့ အဖွဲ့တွေအချင်းချင်း ကြိုတင်သတိပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီအခြေအနေမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ PDF တွေဘက်က လုပ်ရပ်ဖြစ်ခဲ့တယ်ဆိုရင် ဒေသတွင်းတခုတည်းသော အမိန့်ပေးစနစ် COC ကို မတည်ဆောက်နိုင်ခဲ့တဲ့ အားနည်းချက်ရဲ့ ဆိုးကျိုးဖြစ်တယ်လို့ မုံရွာခရိုင် တပ်ရင်း-၅ တာဝန်ရှိသူက သုံးသပ်ပါတယ်။

“လမ်းပိုင်းတွေမှာ မိုင်းတင်ကြတဲ့အဖွဲ့တွေက တပ်ရင်းတွေ ပါသလို ကျနော်တို့ရော ပကဖ အကုန်လုံးက ဝိုင်းတင်ကြတာ။ တပ်ရင်းတွေ ဆိုတာမှာလည်း တပ်ရင်းတွေကိုယ်တိုင် တပ်ရင်းမှူးတွေရဲ့ အမိန့်နဲ့ တင်တာမျိုး မဟုတ်ဘဲနဲ့ တပ်ခွဲ တပ်စုတွေက သူတို့သဘောအ‌လျောက် တင်ထားတာလေးတွေ ရှိတယ်။ ဒါ ဒီဘက်နယ်ရဲ့ COC တည်ဆောက်မှု ပြဿနာလည်း အားနည်းချက်တွေရှိတော့ တပ်စုတပ်ဖွဲ့တွေက သူ့သဘောအလျောက် သူဆောင်ပြီးတော့ မိုင်းပွိုင့်တွေတင်တာ၊ မိုင်းဆွဲတာ ဒါမျိုးတွေ လုပ်ကြတာပေါ့။ အဲ့ဒါတွေရဲ့ ဘေးထွက်ဆိုးကျိုးလို့ပဲ ကျနော်ကတော့ မြင်ပါတယ်။”

ဒီဖြစ်စဉ်မှာ စစ်ကောင်စီဘက်က နိုင်ငံရေးအကျဉ်းသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး တော်လှန်ရေးဘက်တော်သားချင်း သတ်ဖြတ်မှုဖြစ်အောင် ပရိယာယ်ဆင်တာကို မြင်နိုင်သလို တော်လှန်ရေးအဖွဲ့တွေဘက်က စုစည်းမှု အားနည်းချက်ကိုလည်း မြင်နိုင်တယ်လို့ မုံရွာဒေသခံ နိုင်ငံရေးသမားတယောက်က သုံးသပ်ပါတယ်။

“အကြမ်းဖက်စစ်တပ်ဘက်ကို သုံးသပ်မယ်ဆိုရင် သူတို့ရဲ့ရည်ရွယ်ချက် ပြီးမြောက်ဖို့အတွက် တော်တော်လေးကို လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုလာတာတွေ ရှိတယ်ဆိုတော့ ဒါကလည်း အဲ့ဒီဟာတွေထဲက တခုပေါ့ဗျာ။ သူတို့ ရွှေ့ပြောင်းချင်တဲ့သူတွေကို ရွှေ့ပြောင်းဖို့အတွက် အားလုံးကို တသရောထဲ ကားတွေနဲ့ တန်းစီခေါ်လာပြီးတဲ့ အခါကျတော့ တိုက်ခိုက်ခံထားရတယ် ဆိုရင်လည်း နိုင်ငံရေးအကျဉ်းသားတွေထဲကပဲ ထိဆိုတဲ့ ပုံစံမျိုးနဲ့ ပရိယာယ်ဆင်ပြီး လုပ်လာနိုင်ပါတယ်။ တကယ်လို့ တိုက်ခိုက်မှုတွေ လုပ်တော့မယ် ဆိုရင်တော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အကျိုးနဲ့ အပြစ်ကို အရင်ဆုံး ချိန်ဆသင့်တယ်ပေါ့ဗျာ။ တွက်ချက်ပြီးမှ risk ကို ယူတာမျိုး လုပ်သင့်တယ်လို့ ကျနော်တော့ အကြံပြုချင်ပါတယ်။”

နိုင်ငံတဝန်းက နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ထောင်ပြောင်းရွှေ့တာတွေ အကြိမ်ကြိမ် ပြုလုပ်ပြီး ကျန်ခဲ့တဲ့မိသားစုဝင်တွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပြုလုပ်ခဲ့ပါတယ်။

အကျဉ်းထောင်တွင်း အကြမ်းဖက်နှိပ်စက်မှုတွေ ရှိသလို အကျဉ်းသားတွေကို အသုံးချပြီး စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေကြားထဲမှာ စိတ်ဝမ်းကွဲစေမယ့် နည်းလမ်းမျိုးစုံကို အသုံးပြုနေတာဖြစ်တယ်လို့ မုံရွာခရိုင် တပ်ရင်း-၅ တာဝန်ရှိသူက သုံးသပ်ပါတယ်။

“အိမ်စီးကားတွေကိုလည်း သုံးတယ်ဗျ။ အကျဉ်းသားတွေကိုပို့တဲ့ အချုပ်ကားတွေကို သုံးတာတော့ မရှိတော့ဘူးဗျ။ စစ်သုံးကားတွေကို အလုံပိတ်ပြီး ပို့တာတွေလည်း ရှိတယ်။ အချုပ်သားဆိုပြီး သိသာ မြင်သာစေတဲ့ အချုပ်ကားပုံစံမျိုး ထင်ရှားစေတဲ့ အမှတ်အသားပုံစံမျိုး၊ ဒါမျိုးနဲ့ပို့တာ မတွေ့ဖူးသေးဘူးဗျ။ သူတို့ကိုယ်တိုင် နောက်ပိုင်း စာထုတ်ထားတဲ့ဟာလေးတွေ ရှိတယ်။ ထောင်ဝန်ထမ်းတွေကိုယ်တိုင် စစ်မှုထမ်းရမယ်၊ စစ်သင်တန်း တက်ရမယ်ပေါ့။ ပြည်သူ့စစ်အသွင်ပေါ့။ ဒါမျိုးတွေ စာထုတ်လာတာ တွေ့ရတယ်။ လက်ရှိ အကျဉ်းထောင်တွေ အပါအဝင် တခြားသော ဌာနအသီးသီးက ဝန်ထမ်းတွေလည်း စစ်မှုထမ်းရမယ်လို့ ကျနော်တို့ ယူဆတယ်။ မုံရွာလိုနေရာမျိုးမှာ အကျဉ်းသားတွေကို လုံခြုံရေး ယူမပေးနိုင်တော့တဲ့အတွက် မန္တလေးတို့၊ တခြား လုံခြုံရေးယူနိုင်တဲ့ နေရာတွေ ပို့တယ်လို့ ယူဆပါတယ်။”

စစ်အာဏာသိမ်း ၂ နှစ်ခွဲကာလအတွင်း ပြည်သူ ၁၉,၇၀၀ ကျော်ဟာ အကျဉ်းထောင်တွေထဲမှာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုတာ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် ပြည်သူ ၃,၉၀၀ ကျော် ကျဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ် ၁၆ ရက်နေ့အထိ မှတ်တမ်းတွေက ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024