စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ သြဂုတ် ၁၇ ရက် မနက်ပိုင်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းသုံးဦး ထိခိုက်ဒဏ်ရာရကာ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒေသခံတဦးက “မနက် ၇ နာရီလောက်က ဒရုန်းနဲ့ ဗုံးလာကြဲသွားတာ။ မြို့အဝင် ကားတွေ ဆိုင်ကယ်တွေကို စစ်ဆေးပြီး နည်းမျိုးစုံနဲ့ ပိုက်ဆံတောင်းနေတဲ့ဂိတ်။ အဲ့ဒီဂိတ်က ရဲ၊ စစ်တပ်နဲ့ ဝန်ထမ်းတွေ ထိုင်ကြတယ်။ စစ်ကောင်စီဘက်က ဝန်ထမ်းသုံးဦး ထိခိုက်ဒဏ်ရာရတယ်။ ဘာဝန်ထမ်းလဲတော့ တိတိကျကျမသိဘူး။ သူတို့ကလည်း ရမ်းသန်းပစ်လို့ အဲ့နားဖြတ်သွားတဲ့ အမျိုးသားနှစ်ဦး ကျည်ထိမှန်ထားတယ်” လို့ ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ စစ်ဆေးရေးဂိတ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းသုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ် ဆိုပေမဲ့ ဘယ်ဌာနဆိုင်ရာဝန်ထမ်းဖြစ်တယ် ဆိုတာကိုတော့ စစ်ကောင်စီဘက်က တိတိကျကျ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးကြဲခံရအပြီး စစ်ကောင်စီတပ်ဘက်က သေနတ်နဲ့ ရမ်းသန်းပစ်ခဲ့လို့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးကတော့ ဦးခေါင်း ကျည်ထိမှန်ထားတဲ့အတွက် စိုးရိမ်ရအခြေအနေကြောင့် မန္တလေးမြို့ကို အရေးပေါ် သယ်ဆောင်သွားရပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်စပ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာနေပြီး ရေကြောင်းကနေ ဆန်တက်လာတဲ့ စစ်ကောင်စီ သင်္ဘောတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂ ရက်က စစ်ကောင်စီသင်္ဘော လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ သံပရာကျေးရွာက အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတဦး လက်နှစ်ဖက် ဆုံးရှုံးခဲ့ပါတယ်။