Home
ဆောင်းပါး
တော်လှန်ရေးအသိ၊ တည်ဆောက်ရေးသတိ
DVB
·
August 17, 2023

တော်လှန်ရေးအသိ တည်ဆောက်ရေးသတိဟု ဆိုရာဝယ် မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပတ်သက်သမျှ ကိစ္စအဝဝ၊ သိစရာအလုံးစုံကို အကုန်သိဖို့ပင်။ သူများပါးစပ်မှာ လမ်းဆုံးနေတဲ့ တော်လှန်ရေးအသိမျိုး မဖြစ်ဖို့လိုပါတယ်။ ပထမဦးစွာ တော်လှန်ရေးအသိရှိဖို့ မိမိက လူပီသဖို့ လိုပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲ ဆိုတော့ တချို့ လူမပီသသူတွေက စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးပါးစပ်မှာ လမ်းဆုံးနေကြတုန်းမို့ပါ။ သူတို့ပြောတဲ့၊ သူတို့ပေးတဲ့ ကတိတွေ၊ ဘာတွေ ညာတွေ အသာထားဦး။ နိုင်ငံတော်အာဏာ ရယူပုံလေးကို ရိုးရိုးလေး စဥ်းစားကြည့်ရအောင်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတော်တခုမှာ အစိုးရအာဏာကို လိုချင်တဲ့ အစုအဖွဲ့က ပါတီတခု ထူထောင်ရပါတယ်။ သာမန် အရပ်ဘက် အဖွဲ့အစည်းတခု ထူထောင်ရင်ကို အစိုးရအာဏာ ယူလို့မရပါဘူး။

အစိုးရအာဏာ လိုချင်ရင် နိုင်ငံရေးပါတီတခု မဖြစ်မနေ တည်ထောင်ရပါတယ်။ ပြီးရင် တရားဝင်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲကို ဝင်ပြိုင်ရပါတယ်။ ပြိုင်ပွဲကို ဝင်မပြိုင်ခင်ကတည်းက ပြိုင်ပွဲဝင် ပါတီတွေဟာ မပြိုင်ခင်ကတည်းက ပြိုင်ပွဲ စည်းမျဥ်း စည်းကမ်းတွေကို အကုန်သိပြီးဖြစ်ပါတယ်။ ရလဒ်ကိုလည်း လက်ခံပါမည် ဆိုတဲ့အကြောင်း မိမိပါတီဂုဏ်သိက္ခာနဲ့ ဝန်ခံကတိ ထားရှိကြပြီးလည်း ဖြစ်ပါတယ်။ ကိုယ်ရှုံးခါမှ လက်မခံနိုင်ပါဘူး လုပ်လို့ မရပါဘူး။

နောက်ဆုံး အဆုံးအဖြတ်က ပြည်သူဖြစ်နေလို့ပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံတာဟာ ပြည်သူ့ဆန္ဒကို လက်မခံတာ၊ ကိုယ်အစုအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ကိုယ်တိုင်ဖျက်ဆီးပစ်တာပါ။ ရွေးကောက်ပွဲရှုံးတာက နိုင်အောင်ပြန်လုပ်လို့ ရပေမဲ့ ဂုဏ်သိက္ခာမဲ့သွားတာကတော့ ပြန်အဖတ်ဆည်လို့ မရတော့ပါဘူး။ ဒီအထိ စစ်တပ်နဲ့ ရွေးကောက်ပွဲ ဘာမှမဆိုင်တာကို တွေ့ရပါလိမ့်မယ်။ သူ့အလုပ်က နိုင်ငံတော် ကာကွယ်ရေးအလုပ်။

ပြည်သူ့အစေခံအလုပ်။ ပြည်သူ့ အသက် အိုးအိမ် စည်းစိမ်ကို သူ့အသက်နဲ့ အကာအကွယ်ပေးရမယ့် အလုပ်။ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲနဲ့ ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်တယ်၊ ဘာညာသာရကာ ပလီပလာနဲ့၊ စစ်သားပဲဗျာ အာဏာလိုချင်လို့ အာဏာသိမ်းတယ်ဆို လက်ခံပါတယ်။ အခုဟာက ငမ်းငမ်းတက် အာဏာကလည်း လိုချင်‌သေးတယ်။ ပြည်သူဆီက မေတ္တာနဲ့ထည့်မယ့်မဲလည်း ရအောင်ယူနိုင်တဲ့ အရည်အချင်းကလည်း မရှိတော့ ကြံရာမရ စာအုပ်အစိမ်းကြီးထဲက ရှေ့နောက်မညီနဲ့ မတရားတဲ့ ဥပဒေတွေနဲ့ အကြောင်းပြပြီး အာဏာထိမ်းရပါတယ် လုပ်တာ။

ထိပ်ထုလို့ ဓားပြမှန်းမသိ

တနှစ်ပြည့်ရင် ရွေးကောက်ပွဲ ပြန်လုပ်ပေးပါမယ်ပြော။ ပြောတဲ့ပါးစပ်ကလည်း အရှက်မရှိ ပြော၊ အဟုတ်ကြီးမှတ်ပြီး ယုံတဲ့သူ စစ်ကျွန်သပေါက် ဖြစ်ချင်သူတွေကလည်း ယုံကြတယ်ဗျာ။ ကရုဏာသက်လွန်းလို့၊ အံ့သြလို့ မဆုံးပါဘူး။ မြန်မာစကားပုံရှိပါတယ်၊ ‘ထိပ်ထုလို့ ဓားပြမှန်းမသိ’ တဲ့၊ အခုက ဒီပုံဖြစ်နေပါပြီ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်တပ်က အာဏာသိမ်းတာလောက် ညံ့ဖျင်းတဲ့ ကာကွယ်ရေးဦးစီးချုပ်မျိုး မအလပဲ ရှိပါတယ်။

၂၀၀၈ နဲ့ တိုင်းပြည်အာဏာကို ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ခွင့်ရနေတာကို မကျေနပ် မရောင့်ရဲနိုင်တဲ့ မအလ မကြာမီမှာ ကျဆုံးရတော့မှာပါ။ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိတဲ့ အစိုးရဆိုတာ လက်ရှိအာဏာကို ပြည်သူဆီက ဘယ်လိုဘယ်ပုံနဲ့ ရယူထားသလဲဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပါပဲ။ ဒီနေ့ မအလ ရယူထားတဲ့ အာဏာဟာ ဘယ်လိုရယူထားတဲ့ အာဏာမျိုးလဲ စဥ်းစားကြည့်စမ်းပါ။ နိုင်ငံတော်ရဲ့အာဏာကို တရားသောနည်းလမ်းနဲ့ ပြည်သူဆီက ကြည်ဖြူစွာ ရယူထားတာကော ဟုတ်ရဲ့လား။

အာဏာဆိုတာ ပြည်သူပိုင်ပစ္စည်း

အာဏာဆိုတာ ပြည်သူပိုင်ပစ္စည်းပါ။ ပြည်သူက ကြည်ဖြူစွာ မပေးဘဲ လက်နက်အားကိုးပြီး ရယူတာဟာ သူခိုး ဓားပြအလုပ် ဖြစ်တယ်။ ဒီနေ့ မအလရဲ့ လုပ်ရပ်ဟာ သူခိုး ဓားပြထက် ဆိုးတယ်။ သူခိုး ဓားပြကမှ သူလိုချင်တာရရင် လူမသတ်ဘူး၊ မုဒိမ်းမကျင့်ဘူး၊ ပညာရှိ သူတော်ကောင်းတွေကို ဒုက္ခမပေးဘူး။ ဒီနေ့ မအလနဲ့ အပေါင်းအပါတွေကို ကြည့်လိုက်စမ်းပါ။ ပြည်သူ မပေးလှူ မကြည်ဖြူတဲ့ နိုင်ငံတော်အာဏာ၊ တနည်း ပြည်သူ့အာဏာကို အတင်းအဓမ္မ လက်နက်အားကိုးပြီး ယူတယ်။

တိုင်းပြည်ရဲ့ ပစ္စုပ္ပန်ရတနာ လူငယ်တွေကို သတ်တယ်။ တိုင်းပြည်ရဲ့ အမျိုးကောင်းသမီးတွေကို မုဒိမ်းကျင့်တယ်။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်တယ်။ သက်ကြီးရွယ်အိုတွေကို သနားမညှာတာ ညှဉ်းပန်းနှိပ်စက်တဲ့ အလုပ်တွေ လုပ်တယ်။ လူပညာရှိ၊ ရဟန်းပညာရှိတွေကို ထောင်သွင်း အကျဥ်းချတယ်။ ဒါနဲ့တောင် သူတို့ပြောတဲ့အတိုင်း လုပ်ပေးလိမ့်မယ်လို့ ထင်နေတဲ့သူဟာ တော်တော်ပညာမဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့သူ ဖြစ်သွားပြီ။ စစ်တပ်ရဲ့ ကျေးဇူးတရား မူးလို့ ရှူစရာရှိရင် ပြစမ်းပါ။ တို့များဖခင် အောင်ဆန်းသခင်ရဲ့ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ ဗမာ့တပ်မတော်က နေဝင်းတို့ သန်းရွှေတို့ သတ်လို့ သေသွားခဲ့ပါပြီ။ လက်ရှိ မအလစစ်တပ်က ဖုတ်ဝင်နေတဲ့ သရဲသဘက်စစ်တပ် ဖြစ်နေပြီ။ ဒါလေးတော့ သိပေးပါ။ ကျန်တာမသိချင်နေပါ။

ဖခင်ဗိုလ်ချုပ်က ဘာပြောခဲ့လဲ

“ပြည်သူကို ညှဉ်းဆဲ ဒုက္ခပေးတဲ့စစ်တပ် ရှိနေတာထက် မရှိတာက ပိုကောင်းတယ်” တဲ့။

ဒီလို ဖုတ်ဝင်နေတဲ့စစ်တပ်၊ သွေးဆာနေတဲ့စစ်တပ်၊ မုဒိမ်းကောင်၊ ပစ္စည်းလု၊ လူသတ်စစ်တပ်က ပြောတဲ့စကား ခင်ဗျားတို့မို့ ယုံတယ်။ အံ့ရောပဲ။ အရောင်တွေကို ကျုပ်တို့ ကျော်ကြရအောင်ဗျာ။ ဗမာ့ရန်သူကို အပြီးအပြတ် ချေမှုန်းကြစို့၊ မြန်မာတိုင်းရင်းသားပြည်သူ သွေးချင်းတွေရဲ့ ဘုံရန်သူ ဒီသရဲသဘက် စစ်တပ်ကို အပြတ်ချေမှုန်းကြရအောင်ပါ။

တော်လှန်ရေးအသိဟာ အခုမျက်မှောက်ကာလ ကျွန်ုပ်တို့ ဒုတ်ဒုတ်ထိ ရင်ဆိုင် ကြုံတွေ့နေကြရတဲ့ မအလစစ်တပ်ရဲ့ လက်နက်အားကိုး အနိုင်ကျင့် ဗိုလ်ကျ ရက်စက် ယုတ်မာ သတ်ဖြတ်နေမှုကို ဆိုလိုပါတယ်။ တော်လှန်သင့်တဲ့ တရားဆိုတာ ဒါပါပဲ။ တော်လှန်ရကောင်းမှန်း သိဖို့က ပထမပါ။ ဒါကြောင့်မို့ တော်လှန်ရေးအသိ ရှိဖို့က လူပီသဖို့ လိုကြောင်းပါ။ တော်လှန်ရေးပဲ ဖြစ်စေ၊ တည်ဆောက်ရေးပဲ ဖြစ်စေ ပြည်သူလူထုမပါရင်၊ မပူးပေါင်း မဆောင်ရွက်ရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။

တော်လှန်ရေးအသိကို တဆင့်မြှင့်ပြီး တွေးကြည့်ရအောင်။ လူငယ်တွေ၊ ပြည်သူတွေ၊ စာရေးဆရာတွေ၊ ရဟန်းသံဃာတွေ၊ ပရဟိတသမားတွေက မအလကို အကြမ်းမဖက် လူထုလှုပ်ရှားမှုနဲ့ အာဏာဖီဆန်ကြတဲ့အခါ မအလနဲ့ အပေါင်းအပါ စစ်အုပ်စု အမျိုးယုတ်တွေ၊ တိုင်းပြည်ဂုဏ်ကျေးဇူးကို သစ္စာဖောက်ဖျက်သူတွေက သူခိုးက လူဟစ်လို့ သူတို့ကိုယ်သူတို့ နိုင်ငံတော်လို့ ဟစ်အော်ကြွေးကြော်ပြီးသကာလ တော်လှန်ရေးသမားတွေကို ပြန်ပြီး နိုင်ငံတော်ကို အကြည်ညိုပျက်စေတယ်ဆိုပြီး၊ နိုင်ငံတော်ကို ပုန်ကန်ခြားနားတယ်ဆိုပြီး ပုဒ်မတွေ အမျိုးမျိုးတပ်၊ ပရမ်းပတာ တရားဥပဒေမဲ့စွာ ဖမ်းဆီးချုပ်နှောင်မှုတွေ လုပ်လာကြတယ်။

နိုင်ငံတော်က ဘယ်သူလဲ

နိုင်ငံတော်လို့ ခေါ်ဆိုနိုင်ဖို့အတွက် အဓိကအချက် အနည်းဆုံး ၄ ချက်ရှိဖို့ လာအပ်ပါတယ်တဲ့ဗျာ။ အဲဒါတွေကတော့

၁။ ပြည်သူလူထု (လူဦးရေ)

၂။ ထို ပြည်သူလူထု အခြေချ နေထိုင်နိုင်ဖို့အတွက် အတည်အကျ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ နယ်နိမိတ် အပိုင်းအခြား ရှိဖို့ လိုအပ်ပါတယ်။

၃။ အဲဒီနယ်မြေကို ပိုင်စိုးတဲ့ အချုပ်အခြာ အာဏာပိုင် အစိုးရတရပ်လည်း ရှိဖို့ လိုအပ်ပါတယ်။

၄။ တခြားတိုင်းပြည် နိုင်ငံတော်များက အသိအမှတ်ပြုခြင်းလို့ ခေါ်တဲ့ ပြည်ပ အချုပ်အခြာ အာဏာပိုင်စိုးမှုလည်း ရှိဖို့လိုအပ်ပါတယ်။

နိုင်ငံဆိုတာ ဘာလဲ။ မစဥ်းစားဘူးရင် စဥ်းစားကြည့်ကြပါ။ နိုင်ငံတော်တွေကို ဘာကြောင့် ထူထောင်ကြတာလဲ။ နိုင်ငံတော်များ ထူထောင်ကြရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို မအလတို့ လူ့တိရစ္ဆာန်တွေကို မေးကြည့်ချင်သေးတာပါ။ ဒီ လူမဆန်တဲ့ အကြမ်းဖက် စစ်ကောင်စီဟာ နိုင်ငံတော်ကို ပျက်စီးအောင်လုပ်နေတယ်။ နိုင်ငံတော်ထူထောင်ရခြင်း ရည်ရွယ်ချက်ကို ပျက်ပြားအောင်လုပ်နေတဲ့ လူစဥ်မမီတဲ့ လူ့တိရစ္ဆာန်တွေပဲ။

စစ်တပ်ဆိုတာ နိုင်ငံတော်ကို ကိုယ်စားမပြုဘူး။ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ အစိုးရ ယန္တရားထဲက နိုင်ငံတော်ကိုကာကွယ်ဖို့ လက်နက်တပ်ဆင်ပေးထားတဲ့ အခကြေးငွေစား၊ လခစား ပြည်သူ့ဝန်ထမ်းသာ ဖြစ်ပါတယ်။ နိုင်ငံတော်၏ အစေခံသာ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ကို နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ ပြည်သူလူထုက တော်လှန်တာ၊ ကျွန်က ကျွန်လို မနေလို့ နိုင်ငံတော်တည်းဟူသော အိမ်ပေါ်က အိမ်ရှင် ပြည်သူက ကျွန်ဆိုး ကျွန်မိုက်ကို နှင်ချတဲ့ ဖြစ်စဥ်တခုသာ ဖြစ်ပါတယ်။ ကျေးဇူးရှင်၊ ကျွေးဇူးရှင် အမိအဖနဲ့တူတဲ့ ပြည်သူလူထုနဲ့ နိုင်ငံတော်ကို ကျေးဇူးကန်းတဲ့ ပြည်သူ့အစေခံ စစ်တပ်ကို တော်လှန်တာကို နိုင်ငံတော်ပုန်ကန်မှုဆိုပြီး စွပ်စွဲပုတ်ခတ်တာဟာ ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျောပါပဲ။ အခုဖြစ်စဥ်ပဲ ကြည့်ပါဦး၊ နိုင်ငံတော်ကိုအုပ်ချုပ်ဖို့ အစိုးရရဲ့အာဏာကို အတင်းအဓမ္မ လက်နက်အားကိုးပြီး ဓားပြတိုက်ပြီး ရယူခဲ့တယ်။ နိုင်ငံတော်ကို တကယ်ပဲ အုပ်ချုပ်လို့ရပြီလား။ အုပ်ချုပ်တယ်ဆိုတာ အုပ်ချုပ်ခံရှိမှ အုပ်ချုပ်လို့ရတာပါ။ အုပ်ချုပ်ခံချင်တဲ့သူ မရှိဘဲနဲ့ အုပ်ချုပ်ချင်နေတာဟာ တကယ် အာဏာရူး ရူးနေတဲ့ အရူးတယောက်သာပါပဲ။ ယိုသူမရှက် မြင်သူရှက် ဆိုတဲ့ အတိုင်းပါပဲ။ မအလနဲ့ အပေါင်းအပါတွေအစား ပြည်သူလူထုကြီးက ရှက်လှပါပြီလေ။

အစိုးရဆိုတာကိုလည်း နည်းနည်း ချဥ်းကပ်ကြည့်ရအောင်ပါ…

အစိုးရလို့ ပြောလိုက်ရင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်စိုးသူလို့ အဓိပ္ပာယ်ရပါတယ်။ ကျနော်တို့လို ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ အစိုးရအာဏာကို ရဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒီမိုကရေစီစနစ် ဆိုတာကိုက ကျနော်တို့ရဲ့ ကိုယ်ပိုင် ဘာသာစကား မဟုတ်ဘူး။ ဂရိဘာသာစကား၊ ရောမမြို့က လာပါတယ်။ အလွယ်ဆုံး လူနားလည်အောင်၊ တောရွာကလူတွေ နားလည်စေဖို့ ပြောရရင် အများပြည်သူလူထုရဲ့ ဆန္ဒနဲ့ အုပ်ချုပ်တဲ့စနစ်လို့ ပြောရမှာပဲ။ ပြည်သူ့အုပ်ချုပ်ရေးစနစ်ပေါ့။ ပြည်သူက ပြည်သူကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အုပ်ချုပ်လို့ရအောင် တီထွင်ထားတဲ့ နိုင်ငံရေးအာဏာကို ရယူတဲ့နည်းလမ်း နည်းစနစ်တခုအဖြစ် ရှုမြင်နိုင်ပါတယ်။

အစိုးရရဲ့ အချုပ်အခြာ အာဏာကို ရယူတဲ့ နည်းစနစ်တွေအထဲမှာ ပညာပါပြီး၊ လွတ်လပ်မှုပါပြီး၊ တန်းတူအခွင့်အရေးပါပြီး၊ တရားမျှတမှုပါပြီး၊ အချင်းချင်း အပြန်အလှန် လေးစားမှုပါပြီး၊ ကတိကဝတ်တွေပါပြီး၊ တာဝန်ယူမှု တာဝန်ခံမှုတွေပါပြီး နောက်ဆုံး ပြည်သူလူထုဆန္ဒတွေပါ ပါပြီး ရယူတဲ့နည်းဗျူဟာသည် ကမ္ဘာပေါ်မှာ အကောင်းဆုံး နည်းလမ်းပါပဲ။ ဒီနေ့လို အသိဉာဏ်ပညာ ပွင့်လင်း လူ့အဖွဲ့အစည်းမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ဒီမိုကရေစီနည်းနဲ့ ရယူတာမျိုးကိုပဲ ကမ္ဘာကြီးက လက်ခံတော့ပါတယ်။ ဒါကြောင့် လူငယ်တွေရဲ့ ကြွေးကြော်သံတွေထဲမှာ မင်းတို့ဦးနှောက် ၈၈ ငါတို့ဦးနှောက် ၂၁ လို့ ပါလာတာပေါ့။

ဒီနေ့ အမျိုးသားညီညွတ်ရေးအစိုးရ ရယူထားတဲ့ မြန်မာနိုင်ငံတော်ရဲ့ တရားဝင်အစိုးရရဲ့ အချုပ်အခြာအာဏာဟာ အမှန်တကယ် ပြည်သူက ကြည်ဖြူစွာ အပ်နှင်းခံထားရတဲ့ အာဏာ ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဟာ ဒီမိုကရေစီ နည်းလမ်းတကျနဲ့ ရွေးကောက်ခံထားရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်လို့ပါပဲ။ အဲဒီလို ပြည်သူ့ဆန္ဒနဲ့အညီ အရွေးချယ်ခံထားရတဲ့ အစိုးရမျိုးကိုမှ တရားဝင်အစိုးရလို့ ခေါ်ပါတယ်။ အဲဒီလို တရားဝင်အစိုးရမျိုးကိုသာ ကမ္ဘာ့ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတော်များက ထောက်ခံပါတယ်။ အားပေးပါတယ်။ လူလိုသူလို တူတူတန်တန် ဆက်ဆံပါတယ်။

ဒီနေ့ စစ်ကောင်စီလို တိုင်းပြည်အာဏာကို လက်နက်အားကိုးပြီး ပရမ်းပတာ ထင်ရာစိုင်းပြီး ပြည်သူကို သတ်ဖြတ်ညှဉ်းဆဲပြီးမှ ရယူထားတဲ့ လက်နက်ရှိလို့ အုပ်ချုပ်လို့ရနေတဲ့ တရားမဝင် မှောင်ခိုအာဏာကို အသိအမှတ်လည်း မပြုဘူး။ လူလိုသူလို တူတူတန်တန်လည်း မဆက်ဆံဘူး။ ဒါကို စာဖတ်သူ ခင်ဗျားက စောဒက တက်နိုင်ပါတယ်။ တရုတ်နဲ့ ရုရှားကျတော့ ဘယ်လိုလဲပေါ့။ တကယ်တော့ ဘယ်အစိုးရမျိုးမဆို ပြည်သူကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင့်ရဲပါဘူး။

ကျုပ်တို့ နိုင်ငံတော်က အာဏာရူးတွေက လွဲပြီးတော့ပေါ့။ သူတို့ကို ကြည့်ပါ။ သူတို့ အကျိုးစီးပွားတွေ မြန်မာပြည်မှာ ရှိနေတာမို့ မကောင်းတတ်လို့ သွားဖြဲပြနေရတာပါ။ မြန်မာပြည်သူဆိုတာ ကမ္ဘာ့ပြည်သူပါပဲ။ မြန်မာ့အရေးဆိုတာကလည်း ကမ္ဘာ့‌အရေးပဲလေ။ သူတို့နိုင်ငံတော်တွေပါ ရိုက်ခတ်လာပြီး သူတို့ထိုင်ခုံတွေ လှုပ်လာမှာကို သူတို့လည်း သိပ်ကြောက်တာပေါ့ဗျာ။ အဲဒီအခါကျရင် မအလလို အာဏာ ပရမ်းပတာရူးကို ကန်ချမှာဖြင့် မြင်ယောင်ပါသေးတယ်။

ခွေးရူးကောင်းစား တမွန်းတည့်

အခုအချိန်ကတော့ ခွေးရူးကောင်းစား တမွန်းတည့် အချိန်အခါဆိုတော့ဗျာ၊ မကြာပါဘူး‌ဗျာ။ မွန်းတည့်ချိန်မှာ နေဝင်သည် ဆိုတာ ကြားဖူးမှာပါ။ အာဏာရူးတို့ နေဝင်ချိန် ‌ရောက်တော့မှာပါ။ အခုဆို ကမ္ဘာ့ထိပ်သီး စက်မှုနိုင်ငံ ၇ နိုင်ငံက မအလရဲ့ ပထွေးတွေပါ အပြုတ်နှံဖို့ ခေါင်းချင်းဆိုင်နေကြပါပြီ။ ဒါဟာ မအလဟာ ကမ္ဘာ့ပြည်သူတွေက လက်မခံတော့တဲ့ အာဏာရယူပုံမျိုးနဲ့ အစိုးရအာဏာကို ရယူခဲ့လို့၊ တနည်းအားဖြင့် ပြည်သူတွေ ချစ်မြတ်နိုး တန်ဖိုးထားတဲ့ ဒီမိုကရေစီကို ခိုးယူလုယူဖို့ ဒုက္ခပေးဖို့ ကြိုးစားလို့ အပြစ်ဒဏ်ခံရမယ့် ပြည်သူ့တရားစီရင်မှုပါပဲ။

မအလ ရေ ၂၁ ရာစု ပြည်သူလူထုကို အစိုးရလုပ်ပြီး အုပ်ချုပ်ချင်တယ်ဆိုရင်တော့ ခင်ဗျားရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ် အမူအကျင့်တွေကို ပြုပြင်လိုက်ပါဦး။ မအလ စကားကို ယုံပြီး တနှစ်အတွင်း ရွေးကောက်ပွဲ ပြန်လုပ်ပေးပြီး အစိုးရအာဏာကို ပြန်လွှဲပေးမယ်ဆိုတဲ့ ပါးစပ်အရသာ လျှာအရိုးမရှိတိုင်း တောင်စဥ်ရေမရ ပရမ်းပတာ လျှောက်ပြောနေတာကို ခင်ဗျားတို့ ဆက်ယုံနေမယ်ဆိုရင်တော့ ခင်ဗျားတို့ထိုက်နဲ့ ခင်ဗျားတို့ကံပဲ။ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ပြီး မအလနဲ့ အတူ ဘဝတွေ အထပ်ထပ်သေဖို့သာ ပြင်ဆင်ထားပေတော့...။

ချစ်မင်းနွဲ့ကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024