Home
နိုင်ငံတကာ
ယူကရိန်းနှင့် ရုရှား အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်
DVB
·
August 17, 2023

ရုရှားတပ်တွေဟာ ယူကရိန်းဆိပ်ကမ်းတွေကို ညတွင်းချင်းတိုက်ခိုက်မှုတွေ ထပ်လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက သြဂုတ် ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားအကြမ်းဖက်သမားတွေက ယူကရိန်းဆိပ်ကမ်းတွေကို တမင်တကာ ထပ်ပြီး ဝင်တိုက်ခိုက်တာကြောင့် ယူကရိန်းအတွက်သာမက ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဖူလုံမှုကိုလည်း အာမခံပေးတဲ့နေရာတွေကို တိုက်ခိုက်ခဲ့တာပါလို့ သမ္မတ ဇလန်းစကီးက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောသွားပါတယ်။

မော်စကိုဟာ ယူကရိန်းကို ဂျုံတင်ပို့ခွင့်ပြုတဲ့ ကုလသမဂ္ဂ နောက်ခံပြု သဘောတူညီချက်ကို စွန့်လွှတ်လိုက်ပြီးကတည်းက အကြီးစားတိုက်ခိုက်မှုတွေလုပ်နေတာ အခုဆို ၇ ကြိမ် ရှိသွားပြီလို့လည်း ဇလန်းစကီးက ဆိုပါတယ်။

ရယ်နီဆိပ်ကမ်း၊ အဇ်မေးလ်ဆိပ်ကမ်း၊ ပိဗ်ဒန်ညီဆိပ်ကမ်း၊ အိုဒက်ဆာဆိပ်ကမ်း၊ ချော်နိုမော့စ်ခ်ဆိပ်ကမ်းနဲ့ မိုင်ကိုလေ့ဗ်တို့ကို ရုရှားက တိုက်ခိုက်မှု တကြိမ်တိုင်းစီဟာ ကမ္ဘာ့စားနပ်ရိက္ခာ စျေးနှုန်းကို ထိုးနှက်ချက်၊ အာရှနဲ့ အာဖရိကတို့မှာ လူမှုရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုကို ထိုးနှက်ချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရုရှားရဲ့ ဆက်လက်တိုက်ခိုက်နေမှုကို အမေရိကန်က ရှုတ်ချကြောင်းလည်း ဇလန်းစကီးက ပြောဆိုပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာလုံခြုံရေးကို ဂရုမစိုက်ဘူးလို့ ပြောလိုက်ပါတယ်။

ရုရှားဟာ ဇူလိုင်လလယ်ကတည်းက ယူကရိန်းဆိပ်ကမ်းတွေနဲ့ ဂျုံသိုလှောင်ရုံတွေကို ပုံမှန်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ယူကရိန်းကထွက်ခွာမယ့် ဘယ်သင်္ဘောတွေကိုမဆို စစ်ရေးပစ်မှတ်တွေအဖြစ် သတ်မှတ်ဆက်ဆံမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း မော်စကိုရဲ့ ခြိမ်းခြောက်မှုကြားကပဲ ကွန်တိန်နာသင်္ဘောတစင်းဟာ ဗုဒ္ဓဟူးနေ့မှာ ပင်လယ်နက်ဆိပ်ကမ်း အိုဒက်ဆာကနေ ထွက်ခွာသွားခဲ့ပါတယ်။

ဟောင်ကောင်အလံတပ် Joseph Schulte သင်္ဘောကတော့ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာတဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ဆိပ်ကမ်းမှာ ပိတ်မိနေခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ဇာပိုရိုချေ၊ လူဟန့်စ်ခ်နဲ့ ဒန်ညက်စ်ဒေသတွေဆီ ဦးတည်ပြီး ယူကရိန်းတပ်တွေရဲ့ တိုက်ခိုက်မှု အများအပြားကို ချေမှုန်းနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၆ ရက်မှာ ပြောပါတယ်။

ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်တွေဟာ ဒန်ညက်စ်ခ်ဒေသက ယူကရိန်းရဲ့ Su-25 တိုက်လေယာဉ်ကို ပစ်ချခဲ့ပြီး HIMARS ဒုံးကျည်လေးစင်း၊ BM-30 ဒုံးကျည်နှစ်စင်းနဲ့ မောင်းသူမဲ့လေယာဉ် UAV ၂၆ စင်းတို့ကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းစစ်တပ်က စစ်ဦးစီးချုပ်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မေလစ်တိုပိုနဲ့ ဘာဒီယန့်စ်ခ်တို့မှာ ဆက်ပြီး ထိုးစစ်ဆင်နေတုန်းပဲလို့  သြဂုတ် ၁၆ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းလေတပ်က ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ ပစ္စည်းကိရိယာတွေကို ၇ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယူကရိန်းရဲ့ ဒုံးကျည်ပစ်လွှတ်မှု အများအပြားနဲ့ အမြောက်တွေဟာလည်း ရုရှားအမြောက်တွေ၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ တခြားအရေးကြီး ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံရဲ့ ဘရိုင်းယန့်စ်ခ် အိုဘလက်စ်မြို့ထဲကို ဝင်ဖို့ကြိုးစားတဲ့ ယူကရိန်း ကင်းထောက်အဖွဲ့တဖွဲ့ ရှုံးနိမ့်ပြီး အဖွဲ့ဝင်လေးဦး သေဆုံးခဲ့တယ်လို့ ရုရှားပြည်ထောင်စု လုံခြုံရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ 

ရုရှားအစိုးရဟာ တနင်္ဂနွေနေ့တုန်းက ပင်လယ်နက် အနောက်တောင်ပိုင်းရှိ ကုန်တင်သင်္ဘောတစင်းပေါ်ကို လက်နက်ကိုင် ရေတပ်စစ်ဆေးရေးတပ်ဖွဲ့ တက်လာပြီးတော့ ရုရှားစစ်သင်္ဘောက သင်္ဘောရပ်လိုက်ဖို့ တောင်းဆိုခဲ့တာကို ကုန်တင်သင်္ဘောက ဘာကြောင့် မရပ်တာလဲလို့ ကပ္ပတိန်ကို မေးခွန်းထုတ်တာကို ပြထားတဲ့ ဗီဒီယိုဖိုင်ကို သြဂုတ်လ ၁၅ ရက် အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။

သင်္ဘောရပ်တန့်ဖို့ တောင်းဆိုချက်ကို တုံ့ပြန်ဖို့ ပျက်ကွက်ပြီးနောက် ဖလောင်း သမုဒ္ဒရာကျွန်းနိုင်ငံ အလံတပ် ဆူခရု အိုကန် သင်္ဘောကို အော်တိုမက်တစ် လက်နက်တွေနဲ့ သတိပေးပစ်ခတ်ခဲ့ကြောင်း ရုရှားက သြဂုတ် ၁၃ ရက် တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။ 

သင်္ဘောဟာ ဘာကြောင့် တူရကီနဲ့ နီးနီးကပ်ကပ် ဆိုက်ကပ်ခဲ့တာကိုတော့ မသိရသေးပါဘူး။ ရုရှား Ka-29 ရဟတ်ယာဉ် ချဉ်းကပ်လာချိန်မှာ  သင်္ဘောသားတွေဟာ ကုန်းပတ်ပေါ်မှာ ဒူးထောက်နေရင်း သူတို့ရဲ့ခေါင်းပေါ် လက်တွေတင်ထားကြတာကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ 

ကုန်သည်သင်္ဘောပေါ်က ပစ်ခတ်မှုကြောင့် ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံစလုံးက သူတို့ရဲ့ လယ်ယာထွက်ကုန်တွေကို ဈေးကွက်တင်ဖို့ အသုံးပြုတဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ ပင်လယ်နက်မှာ ထောင်ချောက်မိခံရမှာကို သင်္ဘောပိုင်ရှင်တွေ၊ အာမခံကုမ္ပဏီတွေနဲ့ ကုန်သည်တွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ 

ယူကရိန်းနိုင်ငံရဲ့ အရှေ့ဘက်က စစ်တပ်တပ်ဖွဲ့တစ်ခုဟာ စစ်လက်နက်ပစ္စည်းတွေကို loitering munition တွေသုံးပြီး မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်တာကို ပြထားတဲ့ ဗီဒီယိုဖိုင်ကို သြဂုတ် ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Loitering munition ဟာ ပစ်မှတ်နား ရောက်တဲ့အထိ စောင့်ဆိုင်းနိုင်၊ လစ်လျှူရှုနိုင်တဲ့ ထိပ်ဖူး တပ်ဆင်ထားတဲ့ လေကြောင်း လက်နက်တစ်မျိုးပါ။ ပစ်မှတ်ရောက်ချိန်ကျမှ ခဲယမ်းမီးကျောက်တွေ အလုပ် လုပ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။

ဘတ်ခ်မွတ်မြို့နားက ရုရှားရဲ့ တင့်ကားနဲ့ တိုက်ခိုက်မှုကို တန်ပြန်ဖို့ မောင်းသူမဲ့လေယာဉ်တွေကို သုံးခဲ့တယ်လို့ အမှတ် ၃ ချေမှုန်းရေးတပ်ဖွဲ့က သူ့ရဲ့ Telegram ရုပ်သံလိုင်းကနေ ပြောခဲ့ပါတယ်။

ယူကရိန်းတပ်တွေဟာ ရုရှားက သိမ်းပိုက်ထားတဲ့ နယ်မြေကို ပြန်သိမ်းနိုင်ဖို့ ကြိုးစားရင်း နိုင်ငံ အရှေ့တောင်ဘက်ခြမ်းက ရုရှတပ်တွေကို ပြန်တွန်းလှန်ရာမှာ အောင်မြင်မှုတချို့ ရထားတယ်လို့ ယူကရိန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းတပ်ဖွဲ့တွေဟာ ၁၈ လနီးပါးကြာ စစ်ပွဲမှာ သွေးထွက်သံယို အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နိုင်ငံအရှေ့ဘက်ခြမ်း ဘတ်ခ်မွတ်မြို့တစ်ဝိုက်မှာ လွန်ခဲ့တဲ့ သီတင်းပတ် အတွင်းက ယူကရိန်းစစ်တပ်ဟာ ၂ စတုရန်းမိုင်နီးပါးကို ပြန်သိမ်းနိုင်ခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024