မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ သြဂုတ် ၁၆ ရက် မနက်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖကနေ သိရပါတယ်။
ပေါက်မြို့နယ် အုန်းတော (တောင်ရွာ) နေအိမ်တွေက ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို သြဂုတ် ၁၆ ရက် မနက် ၈ နာရီကျော်လောက်မှာ မိုင်း ၂ လုံး ဆွဲပြီး စတင်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေ ရွာပြင်ကိုထွက်လာတဲ့အချိန် မနက် ၁၀ နာရီလောက်မှာ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက် ပေါင်မှာ သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖနဲ့ ပေါက်ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက်မြို့အိမ်တွင်းမှုကျောင်းက စစ်ကောင်စီတပ်သားတွေ ကလည်း လက်နက်ကြီးတွေ၊ စက်လတ်တွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။
ပေါက်မြို့နယ်မှာ သြဂုတ် ၁၅ ရက်ကလည်း စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း သြဂုတ် ၁၆ ရက် မနက်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
ပခုက္ကူကနေထွက်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာကား ၃ စီးကို လုံခြုံရေးယူပေးဖို့ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး အင်အား ၇၀ လောက်ကို ကန်တော်နဲ့ ညောင်ဂျစ်ပင်ရွာကြားမှာ မနက် ၈ နာရီခွဲလောက်က ဒရုန်း၊ အီနာဂါဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး မိုင်းကွင်းထဲရောက်တဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ပျူစောထီး ၃ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိကာ ဘုန်းကြီးကား၊ နာရေးကားတွေနဲ့ ပခုက္ကူမြို့ကို သယ်သွားကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘုန်းကန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကိုလည်း မွန်းတည့် ၁၂ နာရီလောက်မှာ RC Plane နဲ့ အီနာဂါဗုံးသီး ၉ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁၊ ပခုက္ကူသူရိန်အဖွဲ့၊ Black Cobra အဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။