Home
မြန်မာသတင်း
မြန်မာပြည်တွင်း ရွှေဈေးနှင့် ဒေါ်လာဈေး  စံချိန်တင် ထိုးတက်
DVB
·
August 16, 2023

ဩဂုတ် ၁၆ ရက် ဒီနေ့လယ်ပိုင်းမှာ  အမေရိကန်ဒေါ်လာငွေဈေးက တဒေါ်လာကို မြန်မာ ကျပ်ငွေ ၃၈၀၀ အထက်ထိ စံချိန်တင် ထိုးတက်ခဲ့ပြီး ပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် ၃၈ သိန်းဝန်းကျင်ထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

နိုင်ငံခြားငွေ တန်ဖိုးမြင့်တက်အောင် ဈေးကစားသူတွေကို ဖော်ထုတ်အရေးယူမယ်လို့ ဩဂုတ်လ ၁၂ ရက်နေ့မှာ  စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ကြားက  ဒေါ်လာဈေးနဲ့အတူ ရွှေဈေးပါ တောက်လျှောက်ထိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

ရွှေကုန်သည်တစ်ဦးက “ရွှေဈေးတက်တာကတော့ ဒေါ်လာဈေးတက်လို့ တက်သွားတာပါ။ ဝယ်တာ ရောင်းတာတွေတော့ ရှိတော့ရှိတယ်။ ဒါပေမဲ့ အရင်လိုမျိုး လွယ်လွယ်ကူကူ ဝယ်လို့ ရောင်းလို့မရပါဘူး။ အဖမ်းအဆီးတွေ များနေလို့ပါ”လို့  ပြောပါတယ်။

လက်ရှိ ဈေးကွက်မှာ အဖမ်းအဆီးတွေကြောင့် ရွှေအတုံး၊ အခဲ အရောင်းအဝယ် အနည်းငယ်သာ ရှိပေမဲ့ ဒေါ်လာဈေးနဲ့အတူ ရွှေဈေးကလည်း အတက်အကျ ဖြစ်ပေါ်နေတာပါ။

ဒေါ်လာနဲ့ လုပ်ငန်းလည်ပတ်နေသူ တစ်ဦးက “ဈေးက မငြိမ်ဘူး ပြောရမယ်။ တက်လာလိုက်၊ နည်းနည်းပြန်ကျသွားလိုက်၊ ပြန်တက်လာလိုက်နဲ့ပဲ။ ကျနော့်အထင် ဒီဈေးတန်းမှာပဲ ဆက်ရှိနေမယ် ထင်တယ်။ သိပ်တော့ ပြန်ကျဖို့မရှိဘူး” လို့ ပြောပါတယ်။

စင်ကာပူ UOB ဘဏ်က မြန်မာ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ဘဏ်လုပ်ငန်းတွေကို ဖြတ်တောက်လိုက်တာ အပါအဝင် မြန်မာ့စီးပွားရေးမှာ နိုင်ငံတကာရဲ့ စီးပွားရေး အရေးယူပိတ်ပို့မှုတွေ၊ ပို့ကုန်လျော့နည်း ကျဆင်းမှုနဲ့ နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမှု ဂယက်တွေကြောင့် မြန်မာကျပ်ငွေ တန်ဖိုးဆက်တိုက် ထိုးကျနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ဈေးထိန်းညှိဖို့ တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်သူတွေကို ဖော်ထုတ်အရေးယူ‌နေပြီး ငွေလဲကောင်တာတွေကို စိစစ် ပိတ်သိမ်းတာ၊ ရွှေကုန်သည်တွေကို စစ်ဆေးဖမ်းဆီးတာတွေ  လုပ်ဆောင်နေပါတယ်။

အမှန်တကယ် ‌နိုင်ငံခြားငွေနဲ့ ရွှေဈေး တည်ငြိမ်ကျဆင်းစေလိုပါက ဈေးကွက်ထဲကို  ရောင်းအားများများ ထည့်သွင်းပေးသင့်ပြီး အဖြေရှာသင့်တယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက ထောက်ပြပြောဆိုထားကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024