Home
မြန်မာသတင်း
နှမ်းအထွက်နှုန်းနည်းပြီး ပြည်ပအဝယ်လိုက်သဖြင့် နှမ်းစျေးနှုန်း မြင့်တက်
DVB
·
August 16, 2023

ပြည်ပအဝယ်လိုက်တာ၊ ပွဲရုံတွေထဲ နှမ်းအဝင်မရှိတာနဲ့ နှမ်းအထွက်နှုန်း နည်းတာကြောင့်  မြန်မာပြည်တွင်းဈေးကွက်မှာ နှမ်းစျေး မြင့်တက်လာတယ်လို့ ပဲ၊ နှမ်း ရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

အောင်လံကုန်စည်ဒိုင် စျေးနှုန်းအရ သြဂုတ်အစက နှမ်းဖြူရိုးရိုးတအိတ် (၄၅ ပိဿာ) ကို ကျပ် ၃၄၀,၀၀၀၊ နှမ်းဖြူဂျပန်တအိတ် (၄၅ ပိဿာ) ကို ကျပ် ၃၆၀,၀၀၀၊ နှမ်းနက်တအိတ် (၄၅ ပိဿာ) ကို ကျပ် ၂၈၀,၀၀၀ နဲ့ နှမ်းညိုတအိတ် (၄၅ ပိဿာ) ကို ကျပ် ၂၇၅,၀၀၀ သာ ရှိခဲ့ပါတယ်။

သြဂုတ် ၁၅ ရက် အောင်လံကုန်စည်ဒိုင်စျေးနှုန်းအရ နှမ်းဖြူရိုးရိုးတအိတ်ကို ကျပ် ၄၀၀,၀၀၀၊ နှမ်းဖြူဂျပန်တအိတ်ကို ၄၂၀,၀၀၀၊ နှမ်းနက်တအိတ်ကို ကျပ် ၃၁၅,၀၀၀ နဲ့ နှမ်းညိုတအိတ်ကို ကျပ် ၃၁၀,၀၀၀ အထိ မြင့်တက်လာပါတယ်။

အောင်လံကုန်စည်ဒိုင်မှ ပဲနှမ်းရောင်းဝယ်သူတဦးက “အရင်နှစ်နဲ့စာရင် ပြည်ပက အဝယ်လိုက်တာကြောင့် နှမ်းစျေးက ထိုးတက်သွားတယ်။ ပြည်ပပို့ထဲမှာ တရုတ်က အများဆုံး ဝယ်ယူတယ်။ တခြားနိုင်ငံက နှမ်းအမျိုးအစားရွေးပြီး တင်ပို့ရပေမဲ့ တရုတ်ကတော့ နှမ်းအကုန်လုံးကို ဝယ်ပါတယ်။ ပြည်ပပဲ တင်ပို့ရတာမဟုတ်ဘူး၊ ပြည်တွင်းမှာလည်း နှမ်းကို အသုံးပြုလာပြီး အဝယ်လိုက်လာတယ်။ အဓိကက​တော့ နှမ်းယိုထိုးတာနဲ့ ဆီကြိတ်တာပါ” လို့ ပြောပါတယ်။

နှမ်းအဓိကစိုက်ပျိုးတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ စစ်ပွဲတွေဖြစ်နေပြီး နယ်မြေမအေးချမ်းတာကြောင့် နှမ်းစိုက်ပျိုးမှုတွေ မလုပ်နိုင်တော့ဘဲ အထွက်နှုန်းတွေ လျော့ကြခဲ့တယ်လို့ ပဲနှမ်းကုန်သည်တဦးက ပြောပါတယ်။

“နှမ်းစျေးက ဘယ်လိုပြောပြရမလဲဆိုတော့ အဝယ်က အရမ်းများပြီး နှမ်းအဝင်နည်းနေတော့ စျေးက ထိုးတက်သွားတယ်။ ပြည်ပအဝယ်ကလည်း ရှိသေးတယ်။ တချို့ဒိုင်တွေဆို ပစ္စည်းမရှိလို့ နှမ်းစျေးမဖွင့်တော့ဘူး။ နှမ်းအဓိကစိုက်တဲ့ နေရာတွေအပြင် စစိုက်တာ မကြာသေးတဲ့ ကယားမှာပါ စစ်ထပ်ဖြစ်တော့ နှမ်းက ဘယ်လိုမှ လိုအပ်ချက်ကို မလိုက်နိုင်တော့ဘူး။ နှမ်းအသစ်တွေက မကြာမီ ပေါ်တော့မယ်ဆိုပေမဲ့ နှမ်းစျေးကျဖို့တော့ မမြင်ပါဘူး။”

နှမ်းစျေးနှုန်း ဆက်တိုက်မြင့်တက်လာတာကြောင့် နှမ်းဆီစျေးနှုန်းမှာလည်း ၁ ပိဿာကို ကျပ် ၁၂,၀၀၀ မှ ၁၄,၅၀၀ အထိ မြင့်တက်ခဲ့တာလို့ ဆီရောင်းဝယ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လာမယ့်ဘဏ္ဍာနှစ်မှာ နှမ်းတန်ချိန် ၂ သိန်းကျော် တင်ပို့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နှမ်းကို မိုးသီးနှံနဲ့ ဆောင်းသီးနှံအဖြစ် တနှစ်ကို ၂ ​ကြိမ် စိုက်ပျိုးကြပြီး အထွက်နှုန်းမှာ တန်ချိန် ၂ သိန်းကျော် ရှိပါတယ်။

နှမ်းကို မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ အဓိကစိုက်ပျိုးပြီး ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ နေရာတချို့မှာ အနည်းငယ် စိုက်ပျိုးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024