စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဥ်တွဲတွေနဲ့ စစ်သင်္ဘောတွေကို စောင့်ဆိုင်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
သြဂုတ် ၁၅ ရက် နေ့လယ် ၁ နာရီ ၂၅ မိနစ်လောက်မှာ ရေစကြိုမြို့ဘက်ကနေ စစ်လက်နက်နဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ ဖလက်ခွံရေယာဥ်တွဲ ၂ တွဲ ၄ စင်းနဲ့ စစ်သင်္ဘာ ၁ စင်းကို ဆားလင်းကြီးမြို့ မြစ်ကမ်းတနေရာကနေ တိုက်ခိုက်ခဲ့တာလို့ Hero Fighter Salingyi တိုက်ခိုက်ရေး အထူးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။
“အပြန်အလှန် ပစ်ခတ်မှုအနေနဲ့ မိနစ် ၃ဝ လောက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကျနော်တို့ရဲ့ RPG တလုံး ထိမှန်ပြီး ဖလက်ခွံတစင်း ယိမ်းခါသွားတာတော့ တွေ့ပါတယ်။ သူတို့ဘက်က အသေအပျောက်ကို အတည်မပြုနိုင်သေးပါဘူးဗျ။ သူတို့ဘက်က စက်လတ်မော်တာတွေနဲ့ တောက်လျှောက်ပစ်နေတာပါ။ ကျနော်တို့ ကျည်ကုန်လို့ လေးခွတွေနဲ့ပါ ပစ်ခဲ့ရပါတယ်။”
တိုက်ခိုက်မှုတွေကို Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့၊ Chindwin Dynamite (Salingyi)၊ Fighter 9 Force (Salingyi)၊ တောင်ပံနီ ပြောက်ကျားတပ်ဖွဲ့နဲ့အတူ မဟာမိတ်တပ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားအပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေးတပ်တွေအနေနဲ့ ကျည်အင်အား လျော့နည်းနေတဲ့အတွက် ချွေတာသုံးစွဲကာ တတောင့်ချင်းသာ ပစ်ခတ်သုံးစွဲခဲ့ရပြီး တော်လှန်ရေး ပိုမိုအရှိန်မြှင့်ကာ ပိုမိုတိုက်ပွဲဖော်ဆောင်နိုင်ဖို့ တတ်နိုင်သူတွေ ကူညီပေးကြဖို့နဲ့ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နဲ့ ၁၂ ရက်နေ့တွေမှာလည်း စစ်ကောင်စီ ရိက္ခာပို့ရေယာဥ်တွေနဲ့ စစ်လက်နက်တင် သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။