Home
နိုင်ငံတကာ
ရုရှားသူဌေးအတွက် အလုပ်လုပ်ပေးခဲ့သည့် FBI အေးဂျင့်ဟောင်း အပြစ်ရှိကြောင်း ဝန်ခံ
DVB
·
August 16, 2023

နယူးယောက်ရှိ FBI ရဲ့ တန်ပြန်ထောက်လှမ်းရေးဌာနကို ၂၀၁၈ ခုနှစ် အငြိမ်းစားမယူခင်အထိ ဦးဆောင်ခဲ့သူ ချားလ်စ် မက်ဂိုနီဂါလ်ဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုခံရတဲ့ ရုရှားသူဌေးကြီး အိုလဂ်ဒယ်ရီပါစ်ကာအတွက် အလုပ်လုပ်ပေးခဲ့ကြောင်း သြဂုတ် ၁၅ ရက်က နယူးယောက်တရားရုံးတခုမှာ ဝန်ခံခဲ့ပြီး ပူးပေါင်းကြံစည်ခဲ့မှု ၁ မှုအတွက် အပြစ်ရှိကြောင်း လျှောက်လဲခဲ့ပါတယ်။

မက်ဂိုနီဂါလ်ဟာ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်မှုနဲ့ ငွေကြေးခဝါချမှု အပါအဝင် တခြားရာဇဝတ်မှု ၄ ခုအတွက် အပြစ်မရှိကြောင်း ဝန်ခံလျှောက်လဲခဲ့ပြီး စွဲဆိုထားမှုတွေကို လျှော့ပေါ့ပေးဖို့ အစိုးရရှေ့နေတွေနဲ့ အလဲအလှယ် လုပ်ခဲ့ပါတယ်။

ချားလ်စ် မက်ဂိုနီဂါလ်ဟာ ရုရှားသူဌေးကြီး အိုလဂ် ဒယ်ရီပါစ်ကာ ဆီကနေ လျှို့ဝှက်ငွေပေးချေမှုတွေကို လက်ခံရရှိခဲ့ပြီး အလဲအလှယ်အနေနဲ့ ပြိုင်ဘက်စီးပွားရေးသမား တဦးကို စုံစမ်းစစ်ဆေးခိုင်းတာနဲ့ ၂၀၁၉ ခုနှစ်က မအောင်မြင်ခဲ့တဲ့ သူ့ရဲ့ ပိတ်ဆို့ခံရမှုတွေကို ရုပ်သိမ်းပေးစေဖို့ တောင်းဆိုခံခဲ့ရကြောင်း အစိုးရရှေ့နေတွေက ဇန်နဝါရီလမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နွေဦးနဲ့ ဆောင်းဦးရာသီအကြား ဒယ်ရီပါစ်ကာအတွက် အလုပ်လုပ်ပေးခဲ့ပြီး သူ့ပြိုင်ဘက် သန်းကြွယ်သူဌေးကြီးဖြစ်တဲ့ ဗလာဒီမာ ပိုတာနင်ကို အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းမှာ ထည့်သွင်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပိုတာနင်ရဲ့ မကောင်းကွက်တွေကို ရှာဖွေဖို့ လုပ်ဆောင်ခဲ့တယ်လို့ အသက် ၅၅ နှစ်အရွယ် မက်ဂိုနီဂါလ် ဟာ အင်္ဂါနေ့က မန်ဟက်တန်ရှိ ဗဟိုတရားရုံးမှာ ပြောပါတယ်။

အဲဒီအလုပ်အတွက် ဒေါ်လာ ၁၇,၅၀၀ ရရှိခဲ့ပြီး သူ့ကို ငွေပေးချေတဲ့ အရင်းအမြစ်ကို ဖုံးကွယ်ဖို့အတွက် ရုရှားကနေ ဆိုက်ပရပ်စ်နဲ့ နယူးဂျာစီရှိ အကောင့်တွေကနေတဆင့် ငွေလွှဲပြောင်းပေးခဲ့ကြောင်းလည်း သူကဆိုပါတယ်။

မက်ဂိုနီဂါလ်ဟာ သူ့လုပ်ရပ်အတွက် အလွန်နောင်တရမိကြောင်း တရားရုံးကို ပြောကြားခဲ့ပါတယ်။

ပူးပေါင်းကြံစည်မှု စွဲချက်ကို အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ပြီး အမေရိကန် ခရိုင်တရားသူကြီး ဂျနီဖာရီယာဒန်ဟာ မက်ဂိုနီဂါလ်ကို ဒီဇင်ဘာ ၁၄ ရက်မှာ စီရင်ချက်ချဖို့ စီစဉ်ထားပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024