Home
မြန်မာသတင်း
ကန်ကျနပူရီ၌ မြန်မာအလုပ်သမားများ တင်လာသည့်ကား ယာဉ်တိုက်မှုဖြစ်ပြီး  ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ
DVB
·
August 16, 2023

ထိုင်းနိုင်ငံ၊ ကန်ကျနပူရီမြို့မှာ ဩဂုတ် ၁၆ ရက် ဒီမနက်က မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေ တင်ဆောင်လာတဲ့ကားတစီးက  အရှေ့ကသွားနေတဲ့ သစ်လုံးတင် ၁၀ ဘီးကားကို ဝင်တိုက်ရာမှာ   ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီနေ့မနက် စောစော ကန်ကျနပူရီမြို့ ကဲန်ဆင့်ရပ်ကွက် ခရိုင်ကညနရုံးရှေ့ မီးပွိုင့်အနီးမှာ ယာဉ်မတော်တဆထိခိုက်မှုဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေရှိကြောင်း အကြောင်းကြားချက် ရတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်လူနာတင်ကားတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ကန်ကျနပူရီရဲစခန်း တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ  မီးခိုးရောင်တိုယိုတာဟိုင်းလပ်ကား ၁ စီး လမ်းဘေးပလက်ဖောင်းပေါ် မှာ ပျက်စီးနေတဲ့အနေအထားနဲ့ ရောက်နေပြီး ကားထဲမှာလူတွေပိတ်မိနေတာကြောင့်  သံဖြတ်လွှနဲ့ ကားဘော်ဒီကိုဖျက်ပြီး အပြင်ကို ဆွဲထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

ကားထဲမှာ သေဆုံးသူ ၁ ဦး ဒဏ်ရာရသူ ၅ ဦး ရှိကြောင်း၊ သေဆုံးသူမှာ အမျိုးသမီးဖြစ်ပြီး ကားရှေ့ခန်းဘယ်ဘက်ဘေးမှာ ထိုင်လာကာ ရင်ခွင်ထဲမှာ ၆ နှစ်ရွယ်ကလေး တယောက်ကို ပိုက်ထားကြောင်း၊ ကလေးကတော့ သတိမေ့နေတယ်လို့ ဆိုပါတယ်။ 

သူတို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ယာဉ်မောင်းတယောက်မှာပဲ စမွတ်စခွန်းခရိုင်က အလုပ်သမားကတ် ရှိကြောင်း၊ တာဝန်ရှိသူတွေက ဒဏ်ရာရသူတွေကို ရှေးဦးသူနာပြုစုပြီး ဖဟွန်ဆေးရုံကို ပို့ဆောင်ပေးခဲ့လို့ ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာနဲ့ မီတာ ၃၀ ခန့်အကွာမှာ သစ်လုံးတွေအပြည့်တင်ထားတဲ့ ၁၀ ဘီးကား ၁ စီးရပ်ထားပြီး ကားစက်ပျက်နေကြောင်း၊ ယာဉ်မောင်းဖြစ်သူ ပြောပြချက်အရ သူဟာ သစ်လုံးတွေကို ရာ့ချ်ပူရီဘက် ပို့ဆောင်ဖို့ဖြစ်ပြီး မီးပွိုင့်ရောက်ခါနီးမှာ ကားနောက်ကနေ ကျယ်လောင်တဲ့ အသံကြားလိုက်ရလို့ ကားကို လမ်းဘေးထိုးရပ်လိုက်တော့ အဆိုပါဟိုင်းလပ်ကားက သူ့ကားကို အရှိန်နဲ့တိုက်မိတာ သိရတယ်လို့ ဆိုပါတယ်။ 

စီစီကင်မရာစစ်ဆေးချက်အရ သစ်လုံးတင်ကား အရှေ့မှာ ပုံမှန်မောင်းနှင်စဉ် ဟိုင်းလပ်ကားက အမြန်မောင်းလာပြီး လုံးဝဘရိတ်အုပ်တာ အရှိန်လျှော့တာမရှိဘဲ ပြင်းထန်စွာတိုက်လိုက်တယ်၊ အနောက်က ယာဉ်မောင်းဖြစ်သူဟာ အိပ်ငိုက်နေတယ်လို့ ယူဆရကြောင်း တာဝန်ရှိသူတွေက သတင်းထောက်ကို ပြောသွားပါတယ်။

Ref: MGR Online

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024