ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ဘုန်းကြီးကျောင်းအတွင်း တရားထိုင်နေတဲ့ အမျိုးသားတယောက် ရိုက်နှက် လုယက်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့ မီချောင်းကုန်းဘုန်းကြီးကျောင်းမှာ သြဂုတ် ၁၅ ရက် မနက် ၉ နာရီလောက်က အသက် ၄၀ အရွယ် အမျိုးသားတဦး တရားထိုင်နေစဥ် အုတ်ခဲနဲ့ထုရိုက်သတ်ကာ ဖုန်းနဲ့ ပိုက်ဆံအိတ် လုယက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒေသခံတဦးက “သူက ဘုန်းကြီးကျောင်းထဲက ဘုရားမှာ အမြဲ တရားလာထိုင်နေကြပဲ။ ဘုန်းကြီးကျောင်းထဲမှာက ဆောက်လုပ်နေတော့ အုတ်ခဲတွေ အများကြီးရှိတယ်။ အဲဒီက အုတ်ခဲနဲ့ပဲ ခေါင်းကိုချည်းရိုက်ပြီး ဖုန်းနဲ့ပိုက်ဆံအိတ်ကို ယူသွားတာ။ ရိုက်သွားတဲ့ အုတ်ခဲကိုလည်း သူ့ဘေးနားမှာတွေ့တယ်။ ရိုက်ရိုက်ပြီးခြင်းတော့ မသေသေးဘူး၊ ဆေးရုံရောက်မှ သေတာပါ” လို့ ပြောပါတယ်။
အရိုက်ခံရတဲ့အမျိုးသားကို ဒေသခံ လူမှုကူညီရေးအသင်းတွေက မြဝတီဆေးရုံ ပို့ဆောင်ပေးခဲ့ပေမဲ့ ဆေးရုံရောက်ပြီး မိနစ် ၃၀ အကြာမှာ သေဆုံးခဲ့ပါတယ်။
မြဝတီမြို့မှာ ၂၀၂၂ ဒီဇင်ဘာ ၆ ရက်ကလည်း လူ ၃ ယောက်က တက္ကစီသမားကိုသတ်ပြီး ကားကို လုယက်ယူဆောင်သွားခဲ့ပါတယ်။