စစ်းကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ခက်ခအရှေ့ရွာကို စစ်ကောင်စီက ဩဂုတ် ၁၅ ရက် နေ့လယ် ၁ နာရီ မိနစ် ၄၀ လောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်လာတာကြောင့် ပြည်သူ တွေ နေရပ်စွန့်ခွာနေရပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ ပဒူရွာကနေ စတင်စစ်ကြောင်းထိုးလာတာလို့ ရွာသားတဦးက ပြောပါတယ်။
“စစ်ကြောင်းက ဘာသံကြားလို့ ကျနော်တို့ရွာကို စစ်ကြောင်း ထိုးတာလဲ မသိဘူး။ မြေပြင်မှာတိုက်ပွဲလည်း မရှိဘူးဗျ။ သူတို့ဝင်လာကတည်းက ရွာဝင်၊ ရွာထွက်လမ်းတွေကို ပိတ်ဝင်လာတာ။ ကျနော်တို့ေတော့ အသက်လုထွက်ပြေးလာတာဆိုတာ့ လွတ်လာတယ်ဗျ။ ဖမ်းမိတဲ့ ရွာသားတွေလည်း ရှိနေသေးတယ်။ ဘာတွေဆက်ဖြစ်လာမယ်တော့ မသိသေးဘူး။ အခု လည်း ကျနော်တို့နဲ့အတူတူ ထွက်ပြေးလာတဲ့သူတွေကို သေနတ်နဲ့လိုက်ပစ်လို့ ၃ ဦး ဒဏ်ရာရထားတာရှိတယ်။”
စစ်ကောင်စီတပ်ကတော့ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ် ကျေးရွာတွေကို အခုဩဂုတ်လအတွင်း ခတ်စိတ်စိတ် စစ်ကြောင်းထိုးလာနေတာဟာ စစ်ကိုင်း-မြစ်ကြီးနားသွား မီးရထားလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာနေတာ ဖြစ်နိုင်တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ ရဲ့ တပ်ရင်းမှူး ကိုစွန်ရဲက ပြောပါတယ်။
“ခက်ခရွာကို အခုစစ်တပ်က ဝင်နေဆဲဗျ။ ရွာထဲကမထွက်သေးဘူး။ ဒဏ်ရာရသူ ၃ ဦးကတော့ ကျနော်တို့တပ်ရင်းက ဆေးကုသနိုင်ဖို့ ကူညီပေးနေပါတယ်။ ဒဏ်ရာရသူက အခုလတ်တလော ကျနော်တို့ဆီ ရောက်နေတာက အသက် ၂၃ အရွယ် မောင်ဝမ်ချိုင်းဆိုသူရယ်၊ မအေးမူ အသက် ၄၀ နဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးပါဗျ။ မောင်ဝမ်ချိုင်းကတော့ လက်မောင်းနဲ့ တင်ပါး မှာ ပြင်းထန်ဒဏ်ရာရခဲ့တယ်။ မအေးမူကတော့ ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာ၊ နောက်ဦးကတော့ မစိုးရိမ်ရဘူး။”
စစ်ကောင်စီ ဝင်ရောက်နေတဲ့ ခက်ခအရှေ့ရွာမှာ အိမ်ခြေ ၃၈၀ လောက် ရှိတယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ သြဂုတ် ၁၄ ရက် မနက်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က တယ်လီဖုန်းတွေ စစ်ဆေးပြီး အမျိုးသမီး ၂ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကသာမြို့ကနေ အင်းတော်မြို့ကို ပြန်လာတဲ့ အသက် ၂၀ ကျော် အမျိုးသမီး ၂ ဦးကို မြို့နယ်ပညာရေးမှူးရုံးအနီး စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖုန်းတွေ စစ်ဆေးပြီးနောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
"ကလေးမလေး နှစ်ယောက်က ဆိုင်ကယ်နဲ့ ကသာဘက်က ပြန်လာတာ။ အဲ့ဒါ အင်းတော်မြို့နယ် ပညာရေးမှူးရုံးရှေ့အရောက် ရဲတွေက ဖုန်းစစ်ပြီး ဖမ်းလိုက်တာ။ ဒီရက်ပိုင်း ဖုန်းတွေ စစ်ပြီး နိုင်ငံရေးနဲ့ မလွတ်မကင်းတာတွေတွေ့ရင် ဖမ်းနေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဟာ အင်းတော်မြို့အထွက် ရထားသံလမ်းအနီးနဲ့ မြို့တွင်း ပညာရေးမှူးရုံးအနီးမှာ လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ် စီးနင်းသူတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးပြီး နိုင်ငံရေးနဲ့ ဆက်နွှယ်တာတွေကို တွေ့ရင် ဖမ်းဆီးပြီး အင်းတော်မြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်က အမျိုးသား ၁ ဦး၊ သြဂုတ် ၁၁ ရက်က အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးနဲ့ သြဂုတ် ၁၂ ရက်က အမျိုးသား ၁ ဦးကို မြို့နယ်ပညာရေးမှူးရုံးအနီး စစ်ဆေးရေးဂိတ်မှာ ဖုန်းစစ်ဆေးခဲ့ပြီး ဖမ်းဆီးသွားခဲ့ပါသေးတယ်။