စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပေကုန်းရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၁၅ ရက် မနေ့ညနေ ၃ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ဝမ်ပေါင်၊ ယန်စီတရုတ်ကုမ္ပဏီကနေ ကြေးပြားနဲ့ ရိက္ခာ သယ်ယူပို့ဆောင်နိုင်ဖို့ အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့လို့ ဆိုပါတယ်။
ယင်းမာပင်သပိတ်ဦးဆောင်သူ ကိုလွှမ်းသူက “ကျနော်တို့ သိလိုက်တာက လက်နက်ကြီးပစ်သံ ၄ လုံး ကြားလိုက်ရတယ်။ ခဏနေတော့ ပေကုန်းရွာထဲက ပြည်သူ့နေအိမ်တလုံးပေါ်ကျလို့ ၁၀ နှစ်အရွယ် ယောကျ်ားလေး ၁ ဦးသေပြီး ပြည်သူ ၅ ဦး ဒဏ်ရာရတယ်လို သိရတယ်။ အဲဒါကို အကူညီပေး ဆေးကုသဖို့ သွားခေါ်ခဲ့တယ်ဗျ။ ဒဏ်ရာရသူတွေကတော့ အခု ဆေးကုသပေးနေပြီဗျ။ ဒဏ်ရာရတဲ့သူတွေက အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးပါ” လို့ DVB ကို ပြောပါတယ်။
ဒုန်းတောရွာမှာ စခန်းချတဲ့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကလည်း ပေကုန်းရွာကို အမှတ် ၂၈ ရဲတပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၁၂ အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး အဖွားအို ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။