Home
မြန်မာသတင်း
မန္တလေးတွင် CDM ကျောင်းဆရာ အပါအဝင် အမျိုးသား ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
August 15, 2023

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်မှာ ဩဂုတ် ၁၄ ရက်နဲ့ ၁၅ ရက်တွေက CDM ကျောင်းဆရာ တယောက်နဲ့ စတိုးဆိုင်ပိုင်ရှင် အမျိုးသားတယောက်တို့ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၈၉ လမ်းနဲ့ ၂၈×၂၉ လမ်းကြားမှာ ရှိတဲ့ အနောက်ထီလင်းကျောင်းတိုက်၊ သမ္မာဝတီဘုန်းကြီးကျောင်းအတွင်းမှာ ဩဂုတ် ၁၄ ရက် ညနေပိုင်းက အသက် ၃၀ အရွယ် ဦးနန်းဇေယျာဦးကို စစ်ကောင်စီရဲတွေက ဝင်ရောက် ဖမ်းဆီးသွားပါတယ်။

ဦးနန်းဇေယျာဦးရဲ့ တစ်တော့အကောင့်မှာ စစ်ကောင်စီကို ဆန့်ကျင်ရေး ဗီဒီယိုတွေ တင်ခဲ့တာကြောင့် စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကနေ နာမည်၊ လိပ်စာ၊ ဓာတ်ပုံတွေနဲ့အတူ CDM ကျောင်းဆရာလို့ ဖော်ပြခဲ့အပြီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပြီး တစ်တော့ အသုံးပြုတဲ့ Atom နံပါတ်နဲ့ Redmi ဖုန်းကိုပါ သိမ်းဆည်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဩဂုတ် ၁၅ ရက် မနက်ပိုင်းကလည်း ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၈ လမ်းနဲ့ ၂၆x၂၇ လမ်းကြားမှာ ဖွင့်လှစ်ထားတဲ့ ပီတိအထည်စတိုးကို စစ်ကောင်စီရဲတွေ ဝင်ရောက်ခဲ့ပြီး ပိုင်ရှင်ဖြစ်သူ အသက် ၃၀ ကျော်အရွယ် ကိုဇင်မင်းအောင်ကို ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

မိသားစုနဲ့ နီးစပ်သူတဦးက “အခုနောက်ပိုင်းလည်း နိုင်ငံရေးနဲ့ပတ်သက်တာ ဘာမှ မတင်ထားပါဘူး။ အရင်က စာတွေကို ပုံရိုက်ယူထားပြီး လာဖမ်းသွားကြတာ၊ စခန်းမှာပဲ။ တွေ့ခွင့်တော့ မရသေးပါဘူး” လို့ ပြောပါတယ်။

ကိုဇင်မင်းအောင်ရဲ့ Pauk Si နာမည်နဲ့ အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်အကောင့်မှာ ၂၀၂၂ ခုနှစ်က တင်ထားတဲ့ စာသားတွေကို စခရင်ရှော့ယူကာ စစ်ကောင်စီဝါဒဖြန့် ဟန်ငြိမ်းဦး ချန်နယ်မှာ တင်အပြီး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ အမျိုးသား ၂ ဦးစလုံးဟာ ချမ်းအေးသာစံမြို့နယ်ရဲစခန်းမှာ ဖမ်းဆီး ချုပ်နှောင်ခံထားရတယ်လို့ သိရပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024