Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအစပ်ရှိ ရှမ်းနီတပ်စခန်း သိမ်းပိုက်ခံရ 
DVB
·
August 15, 2023

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်း တပ်ဖွဲ့တွေက စစ်ကိုင်းတိုင်းဒေသထဲကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် အချက်အချာကျတဲ့  ရှမ်းနီအမျိုးသားများတပ်မတော် SNA ရဲ့ တပ်စခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့ SNA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာရှိနေတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ရဲ့ တပ်မဟာ ၉၇၂ တပ်ရင်း ၇ ထိမ်းချုပ်တဲ့ နယ်မြေ ပန်ချယ်ကွင်းတပ် စခန်းတစ်ခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဝင်ရောက်သိမ်းပိုက်ခဲ့တာလို့  SNA ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းဆေက ပြောပါတယ်။ 

အဲဒီနေရာဟာ စစ်ကိုင်းတိုင်းဒေသထဲကို ထောက်ပို့လမ်းကြောင်းအရရော စစ်ကြောင်း ဝင်ရောက်နိုင်ရေးအတွက်ပါ အချက်အချာကျတဲ့နေရာဖြစ်တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်း အဖွဲ့က အင်အာ ရာနဲ့ချီပြီး ဝင်ရောက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

KIA တပ်ဖွဲ့တွေအနေနဲ့ ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တပ်စခန်းတွေကိုသာ တိုက်ခိုက်သိမ်းပိုက်တာရှိခဲ့ပေမဲ့ ရှမ်းနီးအမျိုးသားများတပ်မတော် SNA ရဲ့ တပ်စခန်းတွေကိုတော့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက KIA ရဲ့ တပ်ရင်း ၂၆ ရှိတဲ့ဘက်ကို အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့နဲ့ ရှမ်းနီးအမျိုးသားများတပ်မတော် SNA ပူးပေါင်းအဖွဲ့က ထိုးဖောက်ဝင်ရောက်လာတဲ့အတွက် ထိတွေ့ တိုက်ပွဲနဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းအစပ်က ဆယ်ဇင်းရွာကြိုးတံတားမှာရှိတဲ့ SNA တပ်ဖွဲ့ရဲ့ ဂိတ်တစ်ခုကိုသာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရှမ်းနီးအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ဘက်ကတော့ အဲဒီနေရာမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေ မရှိသလို စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးပေါင်းထားတာလည်း မရှိဘူးလို့ SNA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့က ဩဂုတ် ၇ ရက်မှာ ဖားကန့်မြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၃၃ ရဲ့ ကသိုဏ်းတောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024