Home
မြန်မာသတင်း
ပေါက်မြို့နယ်တိုက်ပွဲတွင် စစ်တပ်က ၇ ဦးသေဆုံး၊ မြစ်ကြီးနား ပ.လ.န ရဲစခန်း တိုက်ခိုက်ခံရ
DVB
·
August 15, 2023

မကွေးတိုင်း ပေါက်မြို့နယ်မှာ သြဂုတ် ၁၄ ရက်နေ့က စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ၇ ယောက်ထက်မနည်းသေဆုံးကာ ၁၃ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ကနေသိရပါတယ်။

ပေါက်မြို့ကနေ ပခုက္ကူမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းက ခြေလျင်ရှေ့ပြေး စစ်သားတွေကို သြဂုတ် ၁၄ ရက်နေ့ မနက် ၈နာရီ ၂၂ မိနစ်လောက်က မြို့အထွက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ ၂ ယောက်သေဆုံးကာ ၁ ယောက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကြောင်းရပ်နားခဲ့ရတယ်လို့ မြိုင်ပကဖ တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က စစ်ကြောင်းဖြတ်တာကိုစောင့်ဆိုင်းပြီး မနက် ၉ နာရီ ၁၃ မိနစ်မှာ ခြေလျင်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပဒေသာမိုင်းပွိုင်နဲ့ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပေါက်မြို့အိမ်တွင်းမှုကျောင်းကနေ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးအချို့  အုန်းတော (မြောက်)ရွာနဲ့ (တောင်)ရွာတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းကို မွန်းတည့် ၁၂ နာရီကျော်လောက်မှာ မိုင်း ၂ လုံး၊ မွန်းလွဲ ၁နာရီ မိနစ် ၄၀ အချိန်မှာ ပဒေသာမိုင်း ၆ လုံးတို့နဲ့ ထပ်မံမိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်မှာလည်း လွှစက်တွေနဲ့ သစ်ပင်တွေကို ခုတ်လှဲပြီး လမ်းတွေကိုပိတ်ဆို့ရာမှ မိုင်းထပ်မံပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်မှာ စစ်ဘေးရှောင်ပြည်သူတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ်သား တယောက် လဲကျသွားတာတွေ့ရတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကိုတော့ မြိုင်ပကဖ တပ်ရင်း (၃) တပ်ခွဲ (၅)၊ ပေါက်ပကဖ၊ ပေါက်ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အတူပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနာမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စုမှာရှိတဲ့  အမှတ် (၃) ပ.လ.န နယ်မြေ ရဲစခန်း သြဂုတ် ၁၃ ရက် ညက ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မြစ်ကြီးနား ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်က အဲဒီနယ်မြေရဲစခန်းကို  အမည်မသိ သေနတ်သမား နှစ်ဦးက ဆိုင်ကယ်စီးနင်းပြီး ပစ်ခတ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ပ. လ. န နယ်မြေရဲစခန်းအနီးနေထိုင်သူ အမျိုးသားတဦးက  "ည ၉ နာရီလောက်က ရဲစခန်းကို လာပစ်သွားတာ။ ဆိုင်ကယ်နဲ့ နှစ်ယောက်။ ၁၀ ချက်လောက် ရှိတယ် ပစ်သွားတာ။ ကြားရသ လောက် ရဲ ၂ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ ကြားရတယ်။ သေချာ တိတိ ကျကျတော့ မသိရဘူး"လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်၊  သြဂုတ် ၆ ရက်မနက်ပိုင်းကလည်း  ပ .လ .န အမှတ် ၃ ရဲစခန်း  ပစ်ခတ် တိုက်ခိုက်ခံခဲ့ ရပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024