အိန္ဒိယနိုင်ငံ၊ ဟိမာချယ်ပရာဒေ့ရှ်ပြည်နယ်မှာ သြဂုတ် ၁၄ ရက်က မြေပြိုမှုကြောင့် သေဆုံးသူ ၅၀ ကျော်အထိ ရှိလာပြီး နောက်ထပ် သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြေပြိုမှုကြောင့် အိမ်တွေ ပြားပြားဝပ် ပျက်စီးပြီး ဘတ်စ်ကားတွေနဲ့ တခြားကားတွေ လမ်းတွေကိုကျော်ကာ ချောက်ကမ်းပါးစွန်းမှာ တွဲလောင်းကျနေပုံတွေ၊ အရေးပေါ်လုပ်သားတွေက အပျက်အစီးတွေကို ရှင်းဖို့ ရုန်းကန်နေရပြီး ရာချီတဲ့လူတွေက ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်နေပုံတွေကို ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။
လူအသေအပျောက်အများဆုံး ဖြစ်ရပ်တွေထဲက တခုအတွင်း ပြည်နယ်မြို့တော် ရှင်းမ်လားမှာ ဘုရားကျောင်းတခု ပြိုကျခဲ့ပြီး အလောင်း ၉ လောင်းထက်မနည်းကို ကယ်ဆယ်ရေးသမားတွေက ဆွဲထုတ်နိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောကြား ပါတယ်။
မိုးသည်းသည်းထန်ထန် ရွာခဲ့အပြီး ရွှံ့မြေတွေပြိုကျလို့ ဆူကေတီခတ်ဒ်မြစ်အတွင်း အားကောင်းတဲ့ ရေစီးကြောင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ တနှစ်၊ နှစ်နှစ်အတွင်း ပုံမှန်မဟုတ်ဘဲ မိုးကြီးခဲ့အပြီး ရေခဲမြစ်တွေ အရည်ပျော်ခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယနဲ့ အိမ်နီးချင်း ပါကစ္စတန်နဲ့ နီပေါတောင်တန်းတွေမှာ လျှပ်တပြက် ရေကြီးခဲ့ပြီး အစိုးရတာဝန်ရှိသူတွေက ရာသီဥတုပြောင်းလဲမှုအပေါ် ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
Source - Reuters