Home
မြန်မာသတင်း
လက်ပံတောင်းတောင်အနီးကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြည်သူ ၇ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
August 15, 2023

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ မြန်မာဝမ်ပေါင် ကုမ္ပဏီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အင်း ၁၀၀ လောက်ဟာ  သြဂုတ် ၁၄ ရက် မနက် ၉ နာရီ မိနစ် ၄၀ လောက်က ပုသိမ်-မုံရွာလမ်းအတိုင်း မြောက်အရပ်ကို ဦးတည်စစ်ကြောင်းထိုးပြီး ပုသိမ်-မုံရွာလမ်းဘေးရှိ ကျေးရွာတွေက ပြည်သူ ၇ ဦးထက်မနည်း ဖမ်းဆီးခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်က ပြောပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် တာဝန်ခံ ကိုသက်ဦးက “ဝမ်ပေါင်က (--)တွေက ပုသိမ်-မုံရွာလမ်းအတိုင်း စစ်ကြောင်းထိုးတယ်။ ကံကုန်း၊ ဒုန်းတော ကျေးရွာက ဒေသခံ ၇ ယောက်မက အဖမ်းခံထားရတယ်ဗျ။ အခု လတ်တလော ဂုဏ်တောကျေးရွာမှာ တပ်စွဲထားပြီး တချို့စခတွေက ပုသိမ်-မုံရွာ လမ်းတလျှောက် ကင်းပုန်းဝပ်နေကြတယ်လို့ သိရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံတဦးကလည်း “စစ်ကြောင်းထိုးတာက ရုတ်တရက်ဆိုတော့ တချို့လည်း မသိလိုက်ဘူး။ လတ်တလော အတည်ပြုနိုင်တာက ကံကုန်းရွာက ၅ ယောက် ဓားစာခံ ဖမ်းခံထားရတယ်။ ဒုန်းတောကျေးရွာကလည်း ၅ ယောက်ခန့် အဖမ်းခံရတယ်။ အတည်ပြုနိုင်တာက ၇ ယောက်တော့ သေချာတယ်။ စစ်ဘေးရှောင်ရင်း လူစုကွဲနေတာဆိုတော့ ၁၀ ယောက်ထက်လည်း ပိုကောင်းပိုနိုင်မယ်။ အဆက်သွယ်တော့ မရဘူး။ ဒါကြောင့် အတည်ပြုဖို့ ခက်တယ်” လို့ ပြောပါတယ်။

မွန်းတည့် ၁၂ နာရီလောက်မှာတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က သံပြားကာ ကားတစီးဟာ အင်အား ၃၅ ဦးခန့်နဲ့ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းကို ကူးကာ ပုသိမ်-မုံရွာ လမ်းအတိုင်း တောင်အရပ်ကို မောင်းနှင်လာပြီး လက်ပံတောင်းတောင် စီမံကိန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကြသလို ဂုဏ်တောကျေးရွာ ဘုန်းကြီးကျောင်းမှာလည်း အင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒေသခံ ၇,၀၀၀ လောက် စစ်ဘေးရှောင်နေရတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်ကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024