အခြေခံစားသောက်ကုန်တွေ စံချိန်တင် စျေးတက်လာတာနဲ့အမျှ သာမန် လက်လုပ်လက်စားတွေ ရှေ့ဆက်ရပ်တည်ဖို့ တနေ့တခြား ပိုမိုခက်ခဲလာနေကြတယ်လို့ မွန်ပြည်နယ် ဒေသခံတွေက ပြောပါတယ်။
အရင်ကဆို တနေ့ဝင်ငွေ ကျပ် ၇,၀၀၀ လောက်ရှာရရင် မိသားစုအတွက် လုံလောက်ပေမဲ့ အခုဆို အလုပ်ကလည်း အဆင်မပြေ၊ ပုံမှန်ဝင်ငွေလည်းမရှိတဲ့အပြင် အခုကုန်စျေးနှုန်းအရ သား ငါး ဆန် ဆီ ဆေး ဆား ဟင်းသီးဟင်းရွက်စျေးပါမကျန် အကုန်စျေးကြီးတာေကြာင့် အခုလိုအခြေအနေမျိုးမှာ ဘဝက ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ သာမန် လက်လုပ်လက်စားသမားတွေက ပြောပါတယ်။
ငွေကျပ် နှစ်သောင်းတန် ထုတ်မယ်ဆိုတဲ့ သတင်းထွက်ပြီးနောက် ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာခဲ့တာလည်း ပါတယ်။ အခုရက်တွေမှာက မြဝတီ အာရှလမ်းပိုင်း မြေပြိုမှုတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ ပြည်တွင်းထုတ်ကုန်တွေအပြင် ထိုင်းကုန်စည်တွေထဲက ပိုမိုစျေးတက်သွားခဲ့တယ်။ ကုန်ပစ္စည်းတွေ လိုသလောက် ဝယ်လို့မရဘူးလို့ နယ်ကုန်သည်တွေက ပြောပါတယ်။
လက်ရှိမှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန် ပေါ်ဆန်းမွှေးတအိတ် ကျပ် ၁၃၀,၀၀၀ အထက် ရှိနေပြီး ဆန်ကြမ်းတအိတ် ကျပ် ၇၀,၀၀၀ အထက်ရှိနေသလို စားဆီတလီတာ တဘူးကို ၆,၀၀၀ ကျပ်အထိရှိနေကာ စားအုန်းဆီတပိဿာ ၁၃,၀၀၀ ကျပ်အထိ စံချိန်တင်စျေးတွေ ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ရေးဒေသခံ ခြံသမားတယောက်က “ဒေသထွက်ကုန် သံပုရာ၊ ကွမ်းသီးအစိုနဲ့ အခြောက်စျေးက မရဘူး။ အခုငွေစျေးနဲ့ဆို ကုန်ပစ္စည်းက စျေးတက်၊ ဒေသထွက်ကုန်က စျေးမရပြန်တော့ ခြံတခြံရဲ့ အထွေထွေကုန်ကျစရိတ်တွေကလည်း ပိုကုန်ကျများတော့ ရရှိတဲ့ဝင်ငွေနဲ့ ဘယ်လိုမှ တွက်ခြေမကိုက်ကြဘူး” လို့ ပြောပါတယ်။
မွန်ပြည်နယ်ထဲမှာ အခြေခံစားသောက်ကုန်တွေကို ထိုင်းပစ္စည်း လူသုံးကုန်တွေ အများဆုံး ဝယ်ယူသုံးစွဲကြတာပါ။
လက်ရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်ရှိ ပြိုကျခဲ့တဲ့ လမ်းပိုင်းနေရာကို ယာယီ ဘေလီတံတား တလအတွင်း အပြီးစီး တည်ဆောက်သွားမယ်လို့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။