တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာမှာ ကျေးရွာသား တယောက်ကို စစ်ကောင်စီတပ်က နေအိမ်မှာ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူမှာ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား တယောက်ဖြစ်ပြီး သြဂုတ် ၁၂ ရက်က စစ်ကောင်စီတပ် ကျေးရွာထဲ စစ်ကြောင်းထိုးဝင်လာတဲ့အချိန်မှာ သူတို့လိုအပ်တာမှန်သမျှ လိုက်လံဆောင်ရွက်ပေးနေရတဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ကျေးရွာသားကို စစ်ကောင်စီတပ်က သြဂုတ် ၁၃ ရက် နေ့လယ်ပိုင်းလောက်မှာ နေအိမ်မှာ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ပြောပါတယ်။
ဒေသခံပြည်သူတဦးက “ဖမ်းခံလိုက်ရတဲ့သူက ချမ်းသာတော့ ပိုက်ဆံလိုလို့ ဖမ်းသွားတဲ့ပုံစံပဲ။ ဒီလူက မနေ့က သူတို့လိုတာအားလုံး လိုက်လုပ်ပေးတယ်။ စစ်သားတွေက လိုအပ်တာအားလုံး လိုက်လုပ်ပေးတော့ သူ့ကိုဖမ်းမယ်လို့ သူလည်း ထင်ထားမှာမဟုတ်ဘူး။ သူ့အမေ့အိမ်မှာ လာဖမ်းသွားတာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူကို စစ်ကောင်စီတပ်က ၅၅၇ တပ်ရင်းကို ခေါ်ဆောင်သွားတယ်လို့ သိရပြီး ပြန်လွှတ်နိုင်ခြေရှိမရှိ ဆိုတာတော့ မသိရသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အရှေ့မော်တုန်းကျေးရွာထဲ စစ်ကြောင်းထိုး ဝင်လာပြီးနောက် ရွာထဲရှိ လူဦးရေ ၂ ပုံ ၁ ပုံခန့် ထွက်ပြေးတိမ်းရှောင်နေကြပြီး တချို့တဝက်မှာ ကျေးရွာထဲ ဆက်ရှိနေဆဲလို့ သိရပါတယ်။
အနောက်မော်တုန်းရွာသားတဦးက “၄၀ ရာခိုင်နှုန်းလောက်တော့ ပြောင်းကုန်ကြပြီ။ စစ်သားတွေက အိမ်ပေါ်တွေလည်း တက်ရှာကြတယ်။ အခုထိ စစ်သားတွေ ရွာထဲမှာ ရှိနေကြတုန်းပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ရွာထဲ စဝင်လာတဲ့နေ့မှာလည်း အရှေ့မော်တုန်းရွာသား ၁၄ ဦးကို ဖမ်းဆီးခဲ့ကာ ၁၃ ဦး ပြန်လွှတ်လိုက်ပြီး ကျန် ၁ ဦးကို ၅၅၇ တပ်ရင်းထဲ ခေါ်ဆောင်သွားကာ ခန္ဓာကိုယ်ပေါ်မှာ ဓားနဲ့ အချက်ပေါင်းများစွာ မွှန်းထားပြီး နှိပ်စက်ညှဉ်းပန်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကလည်း တနင်္သာရီမြို့နယ်မှာ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။