Home
မြန်မာသတင်း
စစ်ကောင်စီနှင့် ပူးပေါင်းမှုအားလုံး ရပ်တန်းကရပ်ရန် ဝမ်ပေါင်ကုမ္ပဏီကို ဆားလင်းကြီးပအဖ သတိပေး
DVB
·
August 14, 2023

တရုတ်ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေအားလုံး ရပ်တန်းကရပ်ဖို့ ဩဂုတ် ၁၀ ရက်နေ့ရက်စွဲနဲ့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ 

ဝမ်ပေါင်ကုမ္ပဏီဟာ စစ်ကောင်စီတပ်သားတွေကို စီမံကိန်းပိုင်နက်အတွင်းမှာ အခြေစိုက်စခန်းချခွင့်ပြုတာ၊ ကုမ္ပဏီပိုင်ကားတွေအသုံးပြုပြီး စစ်ကောင်စီတပ်သားတွေကို အကြိုအပို့လုပ်နေတာ၊ ရိက္ခာထောက်ပံ့ပေးနေတာ၊ စီမံကိန်းဝင်းထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ၊ ပြည်သူတွေရဲ့ အိုးအိမ်နေရာတွေကို စီမံကိန်းပိုင်နက်အဖြစ် စစ်ကောင်စီနဲ့ ပူးပေါင်းသိမ်းယူနေတာ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို စစ်တပ်နဲ့ ပူးပေါင်းဖျက်ဆီးနေတာ စတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေမှုအားလုံးကို ရပ်တန့်ဖို့နဲ့ မရပ်တန့်ဘူးဆိုရင် လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကို အဆင့်ဆင့် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆားလင်းကြီးမြို့နယ်၊ ပအဖ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

"လက်ပံတောင်းဒေသမှာရှိတဲ့ မီးရှို့ခံရတဲ့ရွာပေါင်းက ၁၃ ရွာ၊ အိမ်ခြေပေါင်းဆို ၄၄၄ အိမ်၊ စကစတွေ ပစ်သတ်လို့ ကျဆုံးသွားတာက ၁၇ ဦးတောင်၊ ဘယ်တုန်းကမှ ခြံစည်းရိုးမခတ်ခဲ့တဲ့ ကျေးရွာတွေကို ပြည်သူလူထုကို အသိမပေးဘဲနဲ့ ခြံစည်းရိုးခတ်ပြီးတော့ နှိပ်စက်နေတာတွေပေါ့။ ဒီလို အကြောင်းအရာပေါင်းများစွာ ပြည်သူတွေကလည်း ခံစားလာရပြီ၊ ကာကွယ်ရေးအဖွဲ့တွေကလည်း ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာတွေကို ဒီအချက် ၄ ချက်အပေါ် မူတည်ပြီးတော့ ဒီစာကိုထုတ်ရတာ။ စောစောပိုင်းက  NUG ရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ ကျနော်တို့ပြောကြတော့ ဝမ်ပေါင်ကိစ္စကိုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းပေးပါဦးဆိုတော့၊ ကျနော်တို့ အတတ်နိုင်ဆုံးထိန်းခဲ့တယ်။ ထိန်းတဲ့အတိုင်းပဲ နောက်ပိုင်းကြတော့ သူတို့ဘက်က ဘယ်လိုဖြစ်လာလဲဆိုတော့ စစ်ကြောင်းထိုးပြီဆို ဝမ်ပေါင်ကိုဝင်တော့တယ်၊ ဝမ်ပေါင်ကို ဝင်ပြီးတော့မှ အပြင်ထွက်ပြီး ကျေးရွာတွေကို မီးရှို့တယ်၊ ကျေးရွာတွေပြီးကျတော့ အထဲကိုပြန်ဝင်တယ‌ေ။ ကျနော်တို့ကတော့ သီးမခံနိုင်တော့ဘူး၊ ပြည်သူတွေကလည်း သည်းမခံနိုင်တော့ဘူး၊ ကျနော်တို့လုပ်နိုင်တဲ့အပိုင်းကနေပြီး တော်လှန်မယ် ခုခံမယ်ဆိုပြီး အုပ်ချုပ်ရေးအဖွဲ့ကနေစာထုတ်ပေးမယ်၊ ကာကွယ်ရေးအဖွဲ့တွေက သည်းခံနိုင်စွမ်းမရှိတော့ဘူး။ သူတို့စွမ်းသလောက်ကနေ ပြန်ပြီးတော့ ခုခံတွန်းလှန်ကြမယ်ဆိုတဲ့ တောင်းဆိုချက်တွေရှိလာတာပေါ့။ အဲ့ဒါကြောင့်ပါ။"

တရုတ်ကြေးနီစီမံကိန်း ဝမ်ပေါင်တည်ရှိရာ ဆားလင်းကြီးနယ်၊ လက်ပံတောင်းတောင် ပတ်ဝန်းကျင်ကို စစ်ကောင်စီက အကြိမ်ကြိမ် ဖိအားပေးထိန်းချုပ်ဖို့ ကြိုးစားပေမယ့် ဒေသခံတွေက ပြောက်ကျားတိုက်ခိုက်တာတွေကြောင့် လက်ရှိအချိန်အထိ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ 

ဒေသခံပြည်သူတွေနဲ့ PDF တွေ လှုပ်ရှားလို့မရအောင် စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ပြီး လုံခြုံရေးအထူးတင်းကျပ်နေတယ်လို့ ဆိုပါတယ်။ 

ဆားလင်းကြီးမြို့နယ်၊ ပအဖ အဖွဲ့ခေါင်းဆောင်က "ယင်းမာပင်မှာရှိတဲ့ ရဲတပ်ရင်း ၂၈၊ ကျောက်မျက်တောင်ပေါ်မှာရှိတဲ့ အပိုင်းကတော့ ဝမ်ပေါင်နဲ့ယန်စီကို ရေပေးဝေရေးလုပ်တဲ့ Water Supply  ရှိတယ်၊ အဲ့ဒီ Water Supply ကို ကာကွယ်တဲ့အနေနဲ့ သူတို့ထားတယ်လို့ ကောက်ချက်ချပါတယ်။ ဆာလင်းကြီးမြို့နယ်မှာလည်း အထိုင်ကတော့ အမြဲတမ်း ၅၀ လောက်ထားတယ်ပေါ့။ ဝမ်ပေါင်ရဲ့ခြံစည်းရိုးပတ်ခြာလည်မှာ သူတို့ကင်းပုန်းတွေထားပါတယ်၊ ဝမ်ပေါင်မှာ စခန်းတည်ထားတယ်ဆိုတာ ဘာလို့သိရလဲဆိုတော့ သွားကြည့်စရာမလိုဘူး၊ ညဆိုလက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်တာတွေရှိတယ်၊ အဲ့ဒါကြောင့် ခြံစည်းရိုးအတွင်းထဲမှာလည်း စစ်တပ်က အထိုင်ထားတယ်ဆိုတာ သေချာပါတယ်" လို့ ပြောပါတယ်။

စစ်ကိုင်းဒေသတွင်း ဝမ်ပေါင်ကြေးနီစီမံကိန်း၊ တကောင်းနီကယ်စီမံကိန်းတို့ အပါအဝင် တရုတ်အစိုးရရဲ့ အကျိုးစီးပွားတွေကို စစ်ကောင်စီက ကာကွယ်ဖို့ကြိုးစားနေတာပါ။ 

အမျိုးသားညီညွတ်ရေးအစိုးရကလည်း အင်အားကြီးတရုတ်နဲ့ သံတမန်ဆက်ဆံရေးကို ထိန်းညှိချင်တာကြောင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ စီမံကိန်းတွေကို မတိုက်ခိုက်ဖို့ လက်အောက်ခံ PDF တွေကို ညွှန်ကြားထားပါတယ်။ 

စစ်ကောင်စီက ဒီအချက်ကိုအခွင့်အရေးယူပြီး စီမံကိန်းပိုင်နက်ထဲမှာ တပ်စွဲတာ၊ စီမံကိန်းပိုင်နက်ကို အကာအကွယ်ယူပြီး ပြည်သူတွေကို တိုက်ခိုက်အကြမ်းဖက်တာတွေ ပြုလုပ်ခဲ့တာပါ။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "အမျိုးသားညီညွတ်ရေးအစိုးရက အရင်ကတည်းက ပွင့်ပွင့်လင်းလင်းပြောထားပြီးပါပြီ။ တရားဝင်အစိုးရနဲ့လက်မှတ်ထိုးထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအကုန်လုံးကို အသိအမှတ်ပြုပါတယ်။ တရားမဝင်တဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုဖို့ဆိုတာလည်း ကျနော်တို့တောင်းဆိုထားပါတယ်။ ဒါကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေဆိုရင်လည်း အဲ့ဒီအချက်တွေကို အလေးအနက်ထားဖို့လည်း တိုက်တွန်းချင်တယ်။ တရုတ်ရဲ့စီမံကိန်းတွေနဲ့ ပတ်သက်ပြီး မေးတာဆိုရင် ကြေးနီစီမံကိန်းဟာလည်း အရပ်သား NLD အစိုးရလက်ထက်က အသိအမှတ်ပြုပြီးတော့ လုပ်တဲ့လုပ်ငန်းတခုပေါ့။ တရားဝင်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဘာပြဿနာမှ မရှိပါဘူး။ ပြည်သူလူထုအတွက် အကျိုးရှိမယ့်ဟာ အဲ့ဒါဖြစ်ဖို့အရေးကြီးတယ်။ တရားမဝင်စစ်အုပ်စုနဲ့ ပူးတွဲပြီးလုပ်တဲ့ဟာတော့ တရားမဝင်တဲ့ လုပ်ငန်းတွေလို့ သတ်မှတ်ရမှာပေါ့။ အကြမ်းဖက်စစ်တပ်တွေက အဲ့ဒီစီမံကိန်းဧရိယာထဲမှာ ဝင်တပ်စွဲပြီးတော့ အနီးနားမှာရှိတဲ့ ပြည်သူတွေကို ဒုက္ခပေးတယ်၊ အိမ်တွေကိုမီးရှို့တယ်၊ သတ်ဖြတ်တယ်၊ နှိပ်စက်တယ်၊ ညှဉ်းပန်းတယ်ပေါ့။ စီမံကိန်းတွေထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့တပ်တွေ တပ်စွဲခွင့်မပြုဖို့ကတော့ အရေးကြီးတဲ့တချက်လို့ ကျနော်မြင်ပါတယ်" လို့ ပြောပါတယ်။

NUG က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေးစီမံကိန်းတွေကို မတိုက်ခိုက်ဖို့ ကန့်သတ်တာဟာ နိုင်ငံတကာစစ်စည်းကမ်းအရ စစ်ရေးပစ်မှတ်မဟုတ်တာတွေကို မတိုက်ခိုက်ဖို့ ရှောင်လွှဲတာဖြစ်ပြီး သံတမန်ရေးအရ ကောင်းမွန်သလို NUG ကို နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလာရေးအတွက်လည်း မျှော်မှန်းတာမျိုးဖြစ်နိုင်တယ်လို့ စစ်ကိုင်းဒေသခံ PDF အဖွဲ့တွေက ပြောပါတယ်။ 

မြေပြင်အဖွဲ့တွေကတော့ ဘယ်လိုညွှန်ကြားချက်မျိုးရှိရှိ ကြုံလာတဲ့ အခြေအနေအပေါ် မူတည်ပြီး တုံ့ပြန်တာမျိုးဖြစ်လာလိမ့်မယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောဆိုထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024