Home
ဆောင်းပါး
မရဏမင်းအောင်လှိုင် (သို့) စတေးခံစစ်ဗိုလ်စစ်သားတို့ကို သေရွာပို့‌နေတဲ့ ကူးတို့သမား
DVB
·
August 14, 2023

တဘို့တည်းသမား စစ်မိစ္ဆာမင်းအောင်လှိုင်ဟာ ဘုရင်ရူးရောဂါ ကျွမ်းနေတာမို့ ပြည်သူက အလိုမတူတာ သိပါလျက်နဲ့ တိုင်းပြည်ကို အုပ်ချုပ်သူ မင်းဖြစ်ချင်တာမို့ ရက်စက်ကြမ်းကြုတ်စွာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ရင်း အခုတော့ သူဖြစ်ချင်တဲ့ ရှင်ဘုရင်မင်းမဖြစ်ဘဲ စတေးခံ အောက်ခြေ စစ်ဗိုလ်စစ်သားတွေအတွက် မရဏသေမင်း ဖြစ်လာခဲ့ရပါပြီ။

မရယူအပ်တဲ့ အာဏာနဲ့ ခိုးယူအပ်တဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်ဖို့ တကိုယ်ကောင်းသမား မင်းအောင်လှိုင်ဟာ လက်ပါးစေ စစ်ဗိုလ်စစ်သားတွေကို အမှန်နဲ့အမှား မခွဲခြားတတ်အောင် အသိဉာဏ်အမှောင်ချပြီး သူ့အာဏာတည်မြဲဖို့ ပြည်သူနဲ့ စစ်ခင်း‌နေရတာမို့ အရပ် ၁၀ မျက်နှာမှာ အန္တရာယ်ပတ်ချာလည် ဝိုင်းခံရလို့ ရှင်လမ်းမရှိတဲ့ ရှေ့တန်းတွေဆီ ပို့နေတာ ဖြစ်ပါတယ်။

ဘာကြောင့် ရှင်လမ်းမရှိဘူးလို့ ပြောရသလဲ ဆိုတာကတော့ ပြည်သူဆိုတာ တနိုင်ငံလုံး အနှံ့အပြားမှာ ရှိနေကြတာပါ။ ဈေးဝယ်ဝယ်၊ ရုံးသွားသွား၊ လက်ဖက်ရည်ဆိုင်ထိုင်ထိုင်၊ အကြော်ဝယ်ထွက်ထွက်၊ ကွမ်းယာထွက်စားစား ပြည်သူကြားမှာ သွားကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် တပြည်လုံးက ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ စစ်မှန်တဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တပ်တွေနဲ့ ရင်ဆိုင် စစ်ခင်းနေရတဲ့ စစ်အာဏာရှင် ခါးပိုက်ဆောင်တပ်က စစ်ဗိုလ် စစ်သား ရဲသား၊ ‌ပျူစောထီး မဘသ လူ့အန္ဓနဲ့ သွေးသောက်အဖွဲ့ဆိုတဲ့ မကောင်းဆိုးဝါး စစ်တိရစ္ဆာန် လက်ပါးစေတွေဟာ အခုချိန်မှာတော့ မိုးပေါ်ကဒရုန်း၊ မြေအောက်မှာမိုင်းဗုံး၊ အရပ် ၈ မျက်နှာမှာ ပြည်သူလူထု အမုန်းတွေနဲ့ ရင်ဆိုင်နေရတာမို့ အနှေးနဲ့အမြန်သာ ကွာပါလိမ့်မယ်။ ဖက်ဆစ်ဘီလူးတပ်က မထွက်ပြေးရင်တော့ အသက်ရှင်လမ်း မရှိတော့ပါဘူး။

ဘုရင်ရူး မင်းအောင်လှိုင်ဟာ စိတ်ဓာတ်ကျ ယိမ်းယိုင်ပြိုလဲလို့ စစ်မတိုက်ချင်တော့တဲ့ စစ်ဗိုလ်စစ်သားတွေကို သူတို့နယ်မြေမကျွမ်းတဲ့ ကရင်၊ ကရင်နီ၊ ရှမ်းမြောက်၊ ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး စတဲ့ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေဆီ သူ့အာဏာတည်မြဲဖို့ စေလွှတ်ပြီး စစ်တိုက်ခိုင်းတာဟာ ရှင်လမ်းမရှိတဲ့ မပြန်လမ်း သေရွာကို ပို့လွှတ်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း လက်နက်အင်အား သာနေပါလျက် စိတ်ဓာတ်ရှုံး‌နေတဲ့ ဖက်ဆစ်တပ်သားတွေဟာ တိုက်ပွဲမဖြစ်ခင်က ထွက်ပြေးဖို့ ပြင်နေကြတာမို့ သူတို့ရဲ့ စခန်းကုန်းတွေ၊ ခံစစ်စည်းတွေ ကျိုးပေါက်လို့ တော်လှန်ရေးအင်အားစုတွေက ဆက်တိုက် သိမ်းယူလာတဲ့ သတင်းတွေ မကြာခဏ တွေ့ရ ဖတ်လာရတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတင် KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဩဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာအနီး ကသိုဏ်းတောင်မှာ ထိုင်ထားတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သားအများအပြား သေဆုံးတဲ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ KIA သတင်းရင်းမြစ်က ထုတ်ပြန်တဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။

ဇူလိုင်လအတွင်းတုန်းကလည်း ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းကုိ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့ရာမှာ စစ်ကြောင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၁ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

မရဏမင်း စစ်မိစ္ဆာရူး မင်းအောင်လှိုင် ခိုင်းစေချက်နဲ့ ဖက်ဆစ်တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေ ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း လွယ်ဟွဲနဲ့ လွယ်လုံရွာတို့မှာ စစ်ကြောင်းတကြောင်း၊ ခေါင်းအိနဲ့ စက်တော်ရွာဘက်မှာ စစ်ကြောင်းတကြောင်း လတူးဘက်မှာ စစ်ကြောင်းတကြောင်း စုပေါင်းစစ်ကြောင်း ၃ ကြောင်းနဲ့ မေလ တတိယပတ်က စလို့ စစ်ကြောင်းထိုးလာ ထိုးစစ်ဆင်လာခဲ့ရာက စမုံတုံးခံခဲ့ရတာ ဖြစ်ပါတယ်။

လက်နက်ချို့တဲ့ရှာတဲ့ စစ်ကိုင်းတိုင်းမှာ ပြည်သူတွေအပေါ်ရ က်စက်ကြမ်းကြုတ်စွာ သတ်ဖြတ် မီးရှို့ပြီး ရမ်းကားခဲ့ကြတဲ့ ဖက်ဆစ်တပ်မ ၉၉ က ဘီလူးစစ်ကြောင်းလည်း မပြန်လမ်း အပို့ခံရပြီး သရဲစစ်ကြောင်းဖြစ်လို့ မလွတ်မကျွတ်ဘဝတွေဖြစ်ပြီး ဘဝဆုံးသွားခဲ့ကြပါပြီ။

ဇူလိုင် ၂၀ ရက်ကနေ ၂၁ ရက်နေ့တုန်းကလည်း ကရင်ပြည်နယ် မြဝတီမြို့နားက ဖက်ဆစ်မုဒိမ်းတပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ ၁၁၈ တပ်စွဲထားရာ အရေးပါတဲ့ လတ်ခတ်တောင် တာဝါတိုင်စခန်း ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးတော့ ဇူလိုင်လ ၁၅ ရက်နေ့က လောင်းလုံးမြို့နယ်၊ ကျောက်နီမော်နဲ့ သကျက်တောအကြား ထားဝယ်မြစ်ထဲ အကြမ်းဖက်စစ်ကောင်စီတပ် စက်လှေတစီး နစ်မြုပ်ခဲ့ရာမှာ အကြမ်းဖက်စစ်သား ၃၅ ဦး သေဆုံးခဲ့ကြောင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဆင်ရေး ၁၇ ခုကို ဖော်ဆောင်ခဲ့ရာမှာ အကြမ်းဖက်စစ်သား ၂၆ ဦး သေဆုံးပြီး ဗိုလ်ကြီးတဦး အပါအဝင် ၃၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး စတဲ့ ကဏ္ဍအသီးသီးမှာသာမက စစ်ရေးမျက်နှာစာမှာပါ အရှုံးကြီးရှုံးလာတဲ့ သေရွာပို့ကူးတို့သမား မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ယုတ်တအုပ်ဟာ နိုင်ငံတဝန်းရှိ တပ်ရင်းတပ်ဖွဲ့တွေကို ခုခံစစ်အတွက် ပြင်ဆင်ကြဖို့ လိုက်နာရန် အချက် ၁၀ ချက်ပါ ညွှန်ကြားချက်ကို ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း ပြုလုပ်ခဲ့တဲ့ ဖက်ဆစ်တပ် ထိပ်ပိုင်းအစည်းအဝေးကနေ လျှို့ဝှက်ထုတ်ပြန် ထပ်မံ ညွှန်ကြားလာကြောင်း စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရှိရပါတယ်။

အဲ့ဒီ လျှို့ဝှက်ညွှန်ကြားချက်ထဲမှာ ဒရုန်းတိုက်ခိုက်မှု အန္တရာယ် ကာကွယ်ရန်၊ လျှို့ဝှက်မျှော်စင်များ တည်ဆောက်ရန်၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနချုပ်များရဲ့ လုံခြုံရေးအတွက် တပ်စခန်းပတ်လည်မှာ ဆက်သွယ်ရေးမြောင်းတွေ တူးဖောက်ဆောင်ရွက်ရန်၊ တပ်ခြံစည်းရိုးတွေရဲ့ အတွင်းစည်း ၆ ပေပတ်လည်အတွင်း နင်းမိုင်း၊ တိုက်မိုင်း၊ ကြီးကြပ်မိုင်းတွေ တပ်ဆင်ထားရှိရန်တို့ ပါဝင်တာမို့ ကတုတ်ကျင်းထဲမှာ အိမ်သာတက်နေရင်းလည်း အသက်ဆုံးရအောင် အောက်ခြေ စစ်ဗိုလ်စစ်သားတွေကို အသေခံခိုင်းတာပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အမှန်နဲ့အမှား မခွဲခြားတတ်တာရော ‌‌‌‌‌‌‌‌‌‌‌‌‌အကြောင်းအမျိုးမျိုးနဲ့ ဖက်ဆစ်တပ်ထဲ ချောင်ပိတ်မိနေတဲ့ စစ်ဗိုလ်စစ်သားတွေကို ရှင်လမ်းမရှိတဲ့ သေရွာကိုပို့နေတဲ့ မရဏကူးတို့သမား မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ယုတ်တသိုက်တွေ ကိုယ်၌က သူတို့မှာလည်း ရှင်လမ်းမရှိတော့တာ၊ ပြန်လမ်းမရှိတော့ဘဲ ဇွတ်မိုက်နေရတာဟာ ခွင့်မလွှတ်ထိုက်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ မဟာရာဇဝတ်မှုကြီးတွေ မရေတွက်နိုင်အောင် ကျူးလွန်ခဲ့ကြတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ မရှင်သန်နိုင်မယ့်အတူတူ အောက်ခြေ စစ်ဗိုလ်စစ်သားတွေကို ထိုးကျွေးပြီး သူတို့ ရသလောက် အသက်ဆက်နိုင်ဖို့ စတေးခံခိုင်းနေတာ ဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ သေနတ်ပြခြိမ်းခြောက်ပြီး အုပ်ချုပ်ချင်တဲ့ စစ်မိစ္ဆာ အရိုင်းအစိုင်း မျိုးဆက်ပြတ်သွားအောင် ချေမှုန်းလာတာဟာဖြင့် မကြာခင်မှာ စစ်အခွင့်ထူးခံစနစ် မျိုးကန်းတော့မှာ ဖြစ်ပါတယ်။ ပြည်သူလူထုတရပ်လုံးရဲ့ အော့နှလုံးနာ ရွံမုန်းမှုကို ခံရပြီး မွေးဇာတိ အရပ်ထဲ ရွာထဲ ပြန်လို့ ဘယ်‌သောအခါမှ မရနိုင်‌တော့တဲ့ မကောင်းဆိုးဝါး စစ်တပ်ဟာ အရပ် ၁၀ မျက်နှာက ရန်သူဝိုင်းခံနေရပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဖက်ဆစ်တပ်ထဲက လက်ကျန် စစ်ဗိုလ်စစ်သားတွေအနေနဲ့ စစ်အာဏာရှင် အာဏာမြဲဖို့ ခိုးယူ ဓားပြတိုက် ရယူထားတဲ့ ပြည်သူ့သွေးမျက်ရည်လူး စည်းစိမ်‌ဥစ္စာတွေကို ကာကွယ်ဖို့ မိမိတို့ကို မပြန်လမ်းလွှတ်နေတဲ့ သေရွာပို့‌နေတဲ့ ကူးတို့သမား မရဏ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ယုတ်တအုပ်ကို မပြန်လမ်းပြန်ပို့နိုင်ဖို့ သေနတ်ပြောင်းတွေ တညီတညာတည်းလှည့်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံမှသာ အသက်ရှည်လို့ အနာကင်းကြောင်း ဖြစ်တယ်ဆိုတာ သတိပေးလိုက်ရပါတယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024