ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစစ်ဆေးရေးဂိတ်မှာ ဆန်အိတ်တွေတင်ဆောင်လာတဲ့ ကားဆရာတယောက်ကို သြဂုတ် ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က "ဗန်းမော်လွယ်ဂျယ်လမ်းတောင်ပိတ်ထားချိန် ဆန်အိတ် ၃၀ သယ်လာတယ်ဆိုတော့ မသင်္ကာလို့ ဖမ်းတယ်ထင်ပါတယ်။ နေရပ်ပြန် ပြည်သူတွေအတွက် လှူတဲ့ဆန်အိတ်တွေလို့လည်း ကြားပါတယ်။ ထောက်ပို့ ဖြစ်နေမှာစိုးလို့ ဖမ်းတယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။
ဖမ်းခံရတဲ့ဆန်အိတ်တွေဟာ ကဇူးကျေးရွာအတွက် လှူဒါန်းတဲ့ဆန်အိတ်တွေ ဖြစ်ကြောင်းလည်း သိရပါတယ်။ ကဇူးရွာ ဒဘတ် ရွာတွေဟာ မြစ်ကြီးနား -ဗန်းမော် ကားလမ်းဘေးရွာတွေဖြစ်ပြီး တကျော့ပြန်စစ် စလာတဲ့အချိန်ကတည်းကနေ စစ်ဘေးရှောင်ပြည်သူတွေအဖြစ် မြစ်ကြီးနားနဲ့ ဝိုင်းမော်က စစ်ရှောင်စခန်းတွေမှာ ခိုလှုံခဲ့ကြရတာဖြစ်ပါတယ်။
စစ်ဘေးရှောင်စခန်းမှာ နေသူတယောက်က “အဲရက်တွေက ကဇူးရွာလူကြီးတွေကိုလည်း ဝိုင်းမော်မြို့ပေါ်မှာတွေ့လိုက်တယ်။ ဖမ်းခံရတာ သိရင်လည်း လူတွေက မပြောရဲပါဘူး။ နေရပ်ကို ပြန်စပြုနေသူတွေအတွက် အန္တရာယ်ရှိတာမို့ သတင်းကတော့ တော်ရုံနဲ့ သိရမှာမဟုတ်ပါဘူး။ အဲဒီဖမ်းခံရတာနဲ့ပတ်သက်ပြီးလည်း ဘာမှ ဆက်မသိရသေးပါဘူး။ လူကြီးတွေ လိုက်ကြမှာပါ” လို့ ဆိုပါတယ်။
မြစ်ကြီးနား-ဗန်းမော် ကားလမ်းဘေး ပတ်ဝန်းကျင်ရွာတွေက ပြည်သူတွေဟာ ၂၀၂၀ နှစ် ဝန်းကျင်မှာကတည်းက နေရပ်ပြန်ဖို့ စီစဉ်တောင်းဆိုနေခဲ့ကြတာဖြစ်ပြီး ၂၀၂၂ လောက်မှာ နေရာပြင်ဆင်ရှင်းလင်းပြီး ဒီနှစ်ဆန်းပိုင်းမှာတော့ ပြန်လည်အခြေချနေထိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။
ဒါပေမယ့် ပြန်လည်အခြေချဖို့ကြိုးစားနေချိန်မှာ နေ့စဉ်ပစ်ခတ် ပေါက်ကွဲသံတွေလည်း ကြားနေရတာမို့ စစ်ရှောင်စခန်းမှာ ဆက်နေဖို့နဲ့ ရွာကိုပြန်ဖို့ မရေရာဘဲ ဖြစ်နေကြရတာပါ။
စစ်ရှောင်စခန်းတွေကနေ နေရပ်ကျေးရွာတွေဆီ လယ်ယာခြံလုပ်ငန်းတွေအတွက် မဖြစ်မနေပြန်ကြရတဲ့ရွာသားတွေလည်း ဖမ်းခံရ၊ စစ်ဆေးခံရတာမျိုးက အမြဲဖြစ်နေတတ်ပြီး မပြန်ရင်လည်း နေအိမ်ဝင်းတွေ ခြံတွေဟာ စီးပွားရေးသမားတွေရဲ့ ရွှေတွင်းတွေ၊ ငှက်ပျောခြံတွေ ဖြစ်သွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။