မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ပဲခူးတိုင်း၊ ဖြူးမြို့နယ်တို့မှာ ရဲစခန်းတွေ တိုက်ခိုက်ခံရပြီး ရဲတချို့သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို သြဂုတ် ၁၃ ရက် ဒီနေ့ မွန်းလွဲ အချိန်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။
ရဲစခန်းဘက်က အထိခိုက်အခြေအနေကိုတော့ မသိရသေးဘဲ တိုက်ခိုက်ခံရပြီးတာနဲ့ ကင်မွန်းချောင်းရဲစခန်းက လက်နက်ကြီး ၂ လုံး ပြန်လည်ပစ်ခတ်ခဲ့လို့ လက်နက်ကြီး ကျည်တလုံးဟာ ရောင်ခြည်ဦးရပ်ကွက်က အောင်မုန့်တီဖိုနားကို ကျခဲ့တာကြောင့် ပဲပြုတ်ရောင်းတဲ့ အသက် ၄၀ ကျော်အရွယ် ဒေါ်သီတာကို ကျည်စတွေ ထိမှန်ပြီး ဆေးရုံကို အရေးပေါ်ပို့ဆောင်ပေးရတယ်လို့ ဆိုပါတယ်
သြဂုတ် ၉ ရက် မွန်းလွဲပိုင်းကလည်း ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ညောင်ပင်သာရဲစခန်းကို ရိုးမ ၁၊ တပ်ခွဲ ၃၊ အာဠာဝက စစ်ကြောင်းနဲ့ ဖြူးမြို့နယ်ပကဖ ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက် ရဲ ၂ ယောက် ပွဲချင်းပြီးသေဆုံး၊ ရဲ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဖြူးမြို့နယ်ပကဖ ဆီကနေ သိရပါတယ်။