မကွေးတိုင်း၊ မြိုင်မြို့မှာ သြဂုတ် ၁၂ ရက်နေ့ ညပိုင်းက ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၆ MVRF ဆီကနေ သိရပါတယ်။
မြိုင်မြို့၊ မြို့ပတ်လမ်းမှာ ည ၉ နာရီလောက်က ဆိုင်ကယ် ၂ စီးနဲ့ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ MVRF ရဲ့ ခေါင်းဆောင် ဦးအောင်ဇေယျက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ယောက်လုံး သေဆုံးခဲ့ပြီး ဆိုင်ကယ် ၁ စီးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်သားတွေဆီက MA သေနတ် တလက်၊ MA4 သေနတ်တလက်၊ ကျည်ဆံတချို့၊ ကျည်ဘောက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။
မြိုင်မြို့နယ်မှာ သြဂုတ် ၁၀ ရက်နေ့ မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ အညာဒေသ မဟာဗျူဟာကြီးကြပ်ရေး အဖွဲ့-ARSC ဆီကနေ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။