အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ်ထဲက ပလန်းမ်မြို့ရဲ့ နေအိမ်တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သြဂုတ် ၁၂ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီပေါက်ကွဲမှုအတွင်း မီးတောက်တွေ နဲ့ မီးခိုးလုံးတွေပါ တက်လာတာကို ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုမှတ်တမ်းထဲမှာ တွေ့ရပါတယ်။
ဒီလို ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှာ လူ ၄ ဦး သေဆုံးခဲ့ရပြီး အနီးအနားက နေအိမ် ၃လုံး ထက် မနည်း ပျက်စီးသွားခဲ့သလို အခြားနေအိမ်တွေမှာလည်း ထိခိုက်မှုရှိတယ်လို့ ပြည်တွင်းမီဒီယာ တွေက ဖော်ပြခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွင်း အပျက်အစီးပုံအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက တွေ့ရှိခဲ့တာကြောင့် အဲ့ဒီထဲက ၃ ဦးကို ဆေးရုံပို့ဆောင်ခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုပါတယ်။
ဒီဖြစ်ရပ်အပေါ်မှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း မီဒီယာ တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Source-Reuters