အီကွေဒေါနိုင်ငံရဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဟာ ဂွါရာကီးလ်မြို့ရှိ အမှတ်-၄ အကျဉ်းထောင်ကို သြဂုတ် ၁၂ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်အတွင်း အာဏာပိုင်တွေက အလွန်အန္တရာယ်ရှိတယ်လို့ ယူဆထားတဲ့ အကျဉ်းသား ၃ဦးကို လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်ဖြစ်တဲ့ လာရိုကာ (La Roca) ဆီ ပြောင်းရွှေ့လိုက်တယ် လို့ ဆိုပါတယ်။
ဒီအကျဉ်းခန်းတွေကို ရှာဖွေနေစဉ်အတွင်း ရဲနဲ့စစ်ဘက် အရာရှိတွေက အကျဉ်းသားတွေကို အတွင်းခံနဲ့အတူ ကြမ်းပြင်ပေါ်မှာ မှောက်ခိုင်းထားတာကို တွေ့ရပါတယ်။
အီကွေဒေါရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဆေးခြောက်၊ ကိုကင်း၊ လက်နက်ခဲယမ်း၊ မီးရှူးမီးပန်း၊ မိုဘိုင်းဖုန်းနဲ့ ခွင့်ပြုချက်မရှိတဲ့ လျှပ်စစ်ပစ္စည်းတွေကို အာဏာပိုင်တွေက သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးမှာ လုံခြုံရေးဝန်ထမ်းပေါင်း ၃၆၀၀ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင် ၂၄ ရက်တုန်းက အကျဉ်းထောင်စနစ်ဆိုင်ရာ အရေးပေါ်အခြေအနေတရပ် သတ်မှတ်ခဲ့ပြီး နောက် ဒါဟာ ၅ ကြိမ်မြောက် အကျဉ်းထောင်တွေကို ဝင်ရောက်စစ်ဆေးမှု ဖြစ်တယ်လို့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Source-Reuters