ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ဩဂုတ် ၁၂ ရက် မနေ့မနက်ပိုင်းက ဆောက်လက်စ တိုက် ၁ လုံး ပြိုကျခဲ့လို့ လူ ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ပုသိမ်မြို့နယ်ဦ သစ်ပုတ်ကုန်းရွာမှာဆောက်နေတဲ့ တိုက်ပြိုကျတာကို မနက် ၁၀ နာရီခွဲလောက်မှာ သတင်းရရှိတာကြောင့် ပုသိမ်မြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဖက်အသင်းတွေ ပူးပေါင်းရှာဖွေကယ်ဆယ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီတိုက်ဟာ အုတ်၊ သံကူကွန်ကရစ်နဲ့ဆောက်လုပ်နေတာဖြစ်ပြီး အောက်ခြေက ကွန်ကရစ်တိုင်တွေကျိုးကျတာကြောင့် အဆောက်အဦတခုလုံး ပြိုကျခဲ့တာဖြစ်ပါတယ်။
မြို့ခံလူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတယောက်က “မြင်ရသလောက်တော့ တိုက်ရဲ့ညာဘက်က တိုင်တွေကျိုးကျတာ၊ တခြမ်းလုံးပြိုတော့ အောက်ကလူတွေ ပြိုတဲ့အထဲ ပိကုန်တာ၊ အားလုံး အမျိုးသားတွေပါပဲ၊ ၄ ယောက်မှာ တယောက်ကတော့ ညပ်ပြီး အရောင်ပြောင်းသွားပါတယ်” လို့ ဆိုပါတယ်။
တိုက်ပြိုကျလို့ အသက် ၃၀ ကျော်အရွယ် ဆောက်လုပ်ရေးဝန်ထမ်း အမျိုးသား တယောက်ဟာ တိုက်ရဲ့ သံတိုင်တွေအောက်ညပ်သွားတာကြောင့် ပွဲချင်းပြီး သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသား ၃ ယောက်ထဲက တယောက်မှာတော့ ခြေထောက်နဲ့ ခေါင်းထိလို့ စိုးရိမ်ရတဲ့ ဒဏ်ရာတွေရထားပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူရုပ်အလောင်းကို ပုသိမ်မြို့ အရိပ်တခု လူမှုကူညီရေးအသင်းက ပုသိမ်မြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။