မြန်မာနိူင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ထုတ်ခံရတဲ့ အရေအတွက် ၄၁ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က ကြေညာပါတယ်။
မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရပ်စဲမှုနဲ့ လုံခြုံစိတ်ချရသော ဝင်ငွေ အကြောင်းတို့ကို သိရှိစေဖို့ ကောက်ယူခဲ့တဲ့ စစ်တမ်းကို ILOက ထုတ်ပြန်ခဲ့တာပါ။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အလုပ်အကိုင်ရပ်စဲမှု ၂၃ ဒသမ၅ ရာခိုင်နှုန်းတိုးခဲ့ပြီး အလုပ်ထုတ်ပယ်မှု ၄၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အလုပ်နုတ်ထွက်မှုက ၂၂ ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၉ ဒသမ ၅ ရာခိုင်နှုန်းကသာ ဥပဒေအရ ပြဋ္ဌာန်းထားတဲ့ အလုပ်ထုတ်နစ်နာကြေးကို ရရှိကြပြီး အမျိုးသမီးနဲ့ လူငယ်တွေဟာ အမျိုးသားနဲ့ ဝါရင့်အလုပ်သမားတွေထက် ပိုနည်းတဲ့ အလုပ်ထုတ် နစ်နာကြေး ရရှိကြဖွယ်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
ILO မြန်မာရဲ့ ဆက်သွယ်ညှိနှိုင်းရေးမှူးဖြစ်သူ Donglin Li က "မြန်မာနိုင်ငံက အလုပ်သမားတွေဟာ တမူထူးခြားစွာ ခက်ခဲတဲ့ အခြေအနေတွေကို အစုံလိုက် ရင်ဆိုင်နေကြရတယ်။ ဒီစစ်တမ်းက အလုပ်သမား အခွင့်အရေးတွေကို လေးစားဖို့၊ ပေးနေတဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးက တိုးတက်ကောင်းမွန်ဖို့ အပူတပြင်း လိုအပ်နေပြီဆိုတာကို ဖော်ပြနေတယ်" လို့ ပြောပါတယ်။
ပြည်တွင်းအလုပ်သမားအရေးလူပ်ရှားသူတဦးကလည်း စစ်အာဏာသိမ်းပြီးနောက်မှာ အလုပ်သမားတွေအနေနဲ့ နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံရမှုတွေ မြင့်တက်နေတာဟာ မှန်ကန်တယ်လို့ ဆိုပါတယ်။
"အလုပ်က မထင်ရင် မထင်သလို ထုတ်နေတာ။ ထဲထဲဝင်ဝင် စစ်တမ်းကောက်ရင် ဒီထက်တောင် ရာခိုင်နူန်းတိုးနိူင်တယ်" လို့ သူကပြောပါတယ်။
အခုလို ဥပဒေမဲ့ အလုပ်ထုတ်ခံရမှု မြင့်တက်နေပေမယ့် အလုပ်ရှင်တွေဟာ ဥပဒေရဲ့ အရေးယူခံရမှုနဲ့ ကင်းလွတ်နေတယ်လို့ အလုပ်အရေးလူပ်ရှားသူတွေက ပြောပါတယ်။