အာဂျင်တီးနားနိုင်ငံမှာ ဖာကွန်ဒို မိုလာရက်စ် (Facundo Molares) ဆိုတဲ့ အမျိုးသားအတွက် တရားမျှတမှု တောင်းဆိုတဲ့အနေနဲ့ သြဂုတ် ၁၁ ရက်က ဆန္ဒပြပြည်သူတွေဟာ ဓာတ်ဆီပုလင်းတွေနဲ့ ကျောက်ခဲတွေ အသုံးပြုကာ ကြွေးကြွော်သံတွေပါ ရွတ်ဆိုခဲ့ကြပါတယ်။
လာမယ့် အကြိုရွေးကောက်ပွဲအပေါ် ဆန့်ကျင်တဲ့ သြဂုတ် ၁၀ ရက်က ဆန္ဒပြပွဲအတွင်း မိုလာရက်စ် ဖမ်းဆီးခံရချိန်မှာ လဲကျသွားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက် ဗျူနိုအေးရိစ့် မြို့တော်က ဒေသတွင်း ဆေးရုံတစ်ခုမှာ ဒီအမျိုးသား သေဆုံးခဲ့ရတယ် လို့ ပြည်တွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
သမ္မတလောင်းတစ်ဦးလည်း ဖြစ်သလို မြို့တော်ဆိုင်ရာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ အော်ရာစီယို ရိုဒရီဂွတ်ဇ် လာရတ်တာ (Horacio Rodriguez Larreta) က ပြီးခဲ့တဲ့ ကြာသပတေးနေ့ မှာပဲ ဒီဆန္ဒပြသူဟာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ် ဆိုပြီး အတည်ပြု လိုက်ပါတယ်။
အာဂျင်တီးနားနိုင်ငံရဲ့ ပဏာမ ရွေးကောက်ပွဲတွေကိုတော့ သြဂုတ် ၁၃ ရက်မှာ ကျင်းပသွားမှာပါ။
ဒါဟာ လာမယ့် အောက်တိုဘာလအတွင်း ကျင်းပသွားမယ့် အထွေထွေ ရွေးကောက်ပွဲတွေ မတိုင်ခင် မဲဆန္ဒရှင်တွေအပေါ် ကြီးမားတဲ့ စစ်တမ်းကောက်ယူမှု ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဂျင်တီးနားနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၁၀၀ ရာခိုင်နှုန်းကျော် နဲ့ ဆင်းရဲမွဲတေမှု မြင့်တက်လာတဲ့ အပေါ်မှာ ပြည်သူအများစုက ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘာပေါ်က ငွေကြေးဖောင်းပွမှုနှုန်း အမြင်ဆုံးနိုင်ငံတွေထဲမှာ အာဂျင်တီးနားလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
Source-Reuters