မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်တို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၁၄ ယောက် သေဆုံးခဲ့ပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာမှာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးတောင်ပိုင်း စစ်ဒေသခွဲဆီက သိရပါတယ်။
နတ်တလင်းမြို့အရှေ့ဘက် တောင်ညိုဆည်အထက်ပိုင်း ပဲခူးရိုးမထဲက ကြက်မနက်ကျေးရွာ ကင်းစခန်းကုန်းကို ဩဂုတ် ၉ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို စောင့်ကြို မိုင်းခွဲခဲ့တာလို့ အဲဒီစစ်ဒေသခွဲ တာဝန်ရှိသူက ပြောပါတယ်။
နတ်တလင်းမြို့နယ်ဟာ သာယာဝတီခရိုင်မှာ တိုက်ပွဲ အများဆုံးဖြစ်ပွားနေတဲ့ မြို့နယ်ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ ဘီးလင်းမြို့နယ်၊ မရမ်းကုန်းကျွေးရွာကို စစ်ကြောင်းထိုးဝင်ရောက် တပ်ဆွဲထားတဲ့ စစ်ကောင်စီအင်အား ၈၀ လောက်ကို သြဂုတ် ၅ ရက်နေ့မှာ တောကျီးကန်းစစ်ကြောင်း၊ တပင်ရွှေထီးစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
နေ့လယ် ၁၂ နာရီလောက်ကနေ ၁ နာရီကျော်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးတာကြောင့် ပြန်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းဘက်က ရဲဘော်တယောက် ဒဏ်ရာခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဟာ မွန်ပြည်နယ်၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်တို့မှာ နယ်မြေ ထိန်းချုပ်နိုင်ဖို့ အကြိမ်ကြိမ် စစ်ကြောင်းထိုး ကြိုးစားနေပေမဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက် တုန့်ပြန်တာကြောင့် အကျအရှုံးတွေနဲ့ အကြိမ်ကြိမ်ပြန်ဆုတ်ခွာနေရတယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆိုထားပါတယ်။