ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်သံသယနဲ့ မောင်တောမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ခံထားရသူ ၂၅ ယောက်ကျော်ရှိနေပြီး နောက်ထပ် ဖမ်းဆီးဖို့ကျန်ရှိသူ အယောက် ၁၅၀ အထိရှိနေကြောင်း မောင်တောမြို့က နိုင်ငံရေး စစ်ရေး လေ့လာသူတွေထံက သိရပါတယ်။
မောင်တောမြို့မှ နိုင်ငံရေး စစ်ရေး လေ့လာသူတဦးက “အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားသူ ၁၀ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သြဂုတ်လ ၁ ရက်နေ့မှာ လွှတ်ပေးခဲ့တယ်။ ဒါပေမဲ့ မောင်တောမြို့နယ်တရားရုံးက အေအေနဲ့ဆက်စပ်သူ တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ခံထားရသူ ၂၅ ဦးကျော်အထိ ရှိနေတယ်” လို့ ပြောပါတယ်။
သြဂုတ် ၁ ရက် လွတ်ငြိမ်းချမ်းသာခွင့်မှာ မောင်တောမြို့ ကရုဏာကွန်ရက်အသင်း ဘဏ္ဍာရေးမှူး ဦးလှသိန်း၊ KNN ရေသန့်စက်ပိုင်ရှင် ဦးထွန်းလင်းကျော် (ခ) ညီညီ၊ ထွေအုပ်ဝန်ထမ်း ကိုစိုးသီဟအောင်၊ အဝေးသင်တက္ကသိုလ် ဒုတိယနှစ် ဖြေဆိုပြီး ပြန်လာရာက ဖမ်းဆီးခံရပြီး တရားစွဲတင်ခံထားရသူ မင်ခမောက်ကျေးရွာက ဒုတိနှစ်ကျောင်းသား မောင်ဆန်းဌေးနဲ့ ဆိုင်ကယ် ကယ်ရီသမား မောင်ခင်ဇော်၊ ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုကိုအောင် (ခ) ဘုန်းကံနိုင်၊ တရိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်စိုးမောင်း (ခ) ဇာလီ၊ သာယာကုန်းကျေးရွာတာဝန်ခံ မောင်ဘသိန်းနဲ့ အရပ်သားတွေဖြစ်ကြတဲ့ ဦးထွန်းရွှေနဲ့ ဦးထွန်းအေးကြိုင်တို့ကို လွှတ်ပေးခဲ့ပေမဲ့ မောင်တောမြို့ မြို့ဦးရွာမှ ကျောင်းဆရာတဦး ကျန်ရှိနေပါသေးတယ်။
အဲဒီလူတွေနဲ့ ဆက်စပ်တယ်ဆိုပြီး တရားခံပြေးအဖြစ် တရားစွဲတင်ခံထားရသူတွေထဲက မောင်တောမြို့ ကရုဏာကွန်ရက်အသင်း ဥက္ကဋ္ဌ ဦးချစ်ထူးခိုင်နဲ့ ထွေအုပ်ဝန်ထမ်း ၂ ဦး၊ ပညာရေးဝန်ထမ်း ၂ ဦး၊ ထွက်ပြေး ရဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ အပါအဝင် အရပ်သား အများစု ပါဝင်နေပြီး ဖမ်းဆီးဖို့ကျန်ရှိသူ ၁၅၀ စာရင်းမှာ လက်နက်ကိုင်ဝန်ထမ်းတွေ၊ တခြားဝန်ထမ်းတွေအပြင် အရပ်သားအများစု ပါဝင်နေကြောင်း လေ့လာသူတွေက ပြောပါတယ်။
“နောက်ထပ် ဖမ်းဆီးဖို့ လူ ၁၅၀ ဦးအထိ စာရင်းရှိနေတယ်လို့ သိရတယ်ဗျ။ အဓိက လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအပြင် ဝန်ထမ်းအများစုနဲ့ ဒေသခံတွေ ပါဝင်တယ်လို့ သိရတယ်။”
၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က စစ်ကောင်စီတပ်နဲ့ အေအေ နှစ်ဖက် အပစ်ရပ်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ် မောင်တောဒေသက ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်သံသယနဲ့ လိုက်လံဖမ်းဆီးမှုတွေ ပြုလုပ်နေကြတာကြောင့် ဝန်ထမ်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရပ်သားတွေ ထွက်ပြေးနေကြဆဲဖြစ်ကြောင်း ရခိုင်နိုင်ငံရေးလေ့လာသူတွေထံက သိရပါတယ်။