Home
မြန်မာသတင်း
ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းတွင် နယ်ထိန်းရဲ ၁ ဦးကို PDF ဖမ်းဆီး
DVB
·
August 12, 2023

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တယောက်ကို ဖမ်းဆီးရမိတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့   Royal Peacock Column တပ်ဖွဲ့က  သြဂုတ် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းတနေရာမှာ အမှတ်-၂ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းစစ်ဒေသ ရိုးမဗျူဟာစစ်ကြောင်းတွေဖြစ်တဲ့ Royal Peacock Column၊ Spring Warriors Column၊ ၃၇၀၂ တပ်ရင်းတွေက ရှောင်တခင် စီးနင်းစစ်ဆေး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

Royal Peacock Column တာဝန်ရှိသူတဦးက “ကျနော်နော်တို့ သတင်းရလို့ စောင့်ဖမ်းတယ်၊ ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြပေးထားပါတယ်။ သြဂုတ် ၁၁ ရက် ခန့်မှန်း ၂၊ ၃ နာရီကြားအတွင်းမှာ ဖမ်းခဲ့တာပါ။ လက်ရှိကတော့ ဒီလောက်ပါပဲ၊ ထူးခြားဖြစ်စဉ် သတင်းတွေကိုတော့ Page ကနေ ဖော်ပြပေးသွားပါ့မယ်။ စစ်ကောင်စီဘက်ကနေ ဒီနေ့ အခုလမ်းပိုင်းမှာ ပစ်ခတ်မှုဖြစ်ပြီး Ambulance တစီး ပစ်ခံရတယ်လို့ သတင်းလွှင့်နေတာတော့ရှိတယ်။ ဒီနေ့ ဖမ်းဆီးမှုမှာတော့ ပစ်ခတ်တာမျိုး လုံးဝမရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးရမိထားသူဟာ အောင်ကိုကိုနိုင် အမည်ရှိ နယ်ထိန်းရဲတာဝန် ယူထားသူဖြစ်ပြီး  မဒေါက် ရဲစခန်းမှာ တာဝန်ကျနေတာဖြစ်ပါတယ်။

ဖမ်းမိတဲ့ နယ်ထိန်းရဲရဲ့ ထွက်ဆိုချက်တွေ၊ လက်ကိုင်မိုဘိုင်းဖုန်းထဲရှိ အချက်အလက်တွေအရ အောင်ကိုကိုနိုင်ဟာ ပြည်သူလူထုကို ခြိမ်းခြောက်ပြီး သတင်းပေးလုပ်ခိုင်းတာ၊ ငွေညှစ်တာ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ထောင်ချောက်ဆင်ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း စိစစ် တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ခရီးသွားတွေရဲ့ လုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေး နေတာဖြစ်ပါတယ်။

ဒါကြောင့် လမ်းအသုံးပြုသူ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို့ နဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေ ၊ ရဲတွေနဲ့  အတူတကွ ခရီးသွားလာခြင်း မပြုလုပ်ကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024