Home
အားကစား
အမျိုးသမီးကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ စပိန်နှင့် ဆွီဒင် တက်ရောက်
DVB
·
August 11, 2023

သြစတြေးလျနဲ့ နယူးဇီလန်မှာ အိမ်ရှင်အဖြစ်ကျင်းပတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဥ်တွေကို သြဂုတ် ၁၁ ရက် ဒီကနေ့ ယှဥ်ပြိုင်ကစားခဲ့ရာ စပိန်အသင်းနဲ့ ဆွီဒင်အသင်းတို့က ပြိုင်ဘက်တွေကို အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားပါတယ်။

ကွာတားဖိုင်နယ်ပွဲစဥ် ပထမပွဲစဥ်ဖြစ်တဲ့ စပိန်နဲ့ နယ်သာလန်တို့ပွဲစဥ်မှာ ပွဲချိန်အတွင်း တဖက် ၁ ဂိုးစီ သရေကျပြီး အချိန်ပို မိနစ် ၃၀ မှာ စပိန်အသင်းက အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

စပိန်အသင်းအတွက် ဂိုးတွေကို ပွဲချိန် ၈၁ မိနစ်နဲ့ ၁၁၁ မိနစ်တို့မှာ ဘာစီလိုနာ ကစားသမားတွေဖြစ်တဲ့ ကယ်ဒင်တေးနဲ့ ပါရာလူအယ်လိုတို့က သွင်းယူခဲ့ပြီး နယ်သာလန်အတွက် ချေပဂိုးကို ပွဲချိန် ၉၁ မိနစ်မှာ ဗန်ဒါဂရက်က သွင်းယူခဲ့ပါတယ်။

ကွာတားဖိုင်နယ် ဒုတိယပွဲစဥ်ဖြစ်တဲ့ နာမည်ကြီး ဂျပန်အသင်းနဲ့ ဆွီဒင်အသင်းတို့ပွဲစဥ်မှာ ဆွီဒင်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဆွီဒင်အသင်းအတွက် ဦးဆောင်ဂိုးတွေကို အီလက်စတက်နဲ့ အိန်ဂျယ်ဒယ်တို့က ၃၁ မိနစ်နဲ့ ၅၁ မိနစ်တို့မှာ သွင်းယူခဲ့ပြီး ဂျပန်အတွက် ချေပဂိုးကို လူစားဝင်ကစားသမား ဟွန်ကာဟေရှီက သွင်းခဲ့ပါတယ်။

ဂျပန်အသင်းက ၇၆ မိနစ်မှာ ပင်နယ်တီကန်ခွင့် ရရှိခဲ့ပေမဲ့ ရီကိုယူကီရဲ့ ကန်သွင်းချက် လွဲချော်ခဲ့လို့ ဂျပန်အသင်း ကွာတားဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

မနက်ဖြန်မှာတော့ တခြား ကွာတားဖိုင်နယ်ပွဲစဥ်တွေဖြစ်တဲ့ အိမ်ရှင် သြစတြေးလျနဲ့ ပြင်သစ်၊ နာမည်ကြီး အင်္ဂလန်အသင်းနဲ့ ကိုလံဘီယာတို့ ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

သြဂုတ် ၁၅ ရက်မှာ ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် ဆွီဒင်အသင်းနဲ့ စပိန်အသင်းတို့ ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

သြဂုတ် ၁၆ ရက်မှာတော့ အင်္ဂလန်နဲ့ ကိုလံဘီယာတို့ပွဲစဉ်မှာ အနိုင်ရရှိတဲ့အသင်းနဲ့ သြတြေးလျနဲ့ ပြင်သစ်တို့ပွဲစဉ်မှာ အနိုင်ရရှိတဲ့အသင်းတို့ ဆီမီးဖိုင်နယ် ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024