ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးအဖွဲ့က စစ်ရှောင်ပြည်သူတွေကို ဆေးဝါးနဲ့ ငွေကြေးတွေ ပံ့ပိုးထောက်ပံ့ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရတဲ့ တိုက်နယ်အမှတ်-၂ ရှိ ဝုန်းခုန်ကျေးရွာ၊ တိုက်နယ်အမှတ်-၃ က ကီးသာရွာ၊ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ တိုက်နယ်အမှတ်-၁၂၊ အမှတ်-၁၄ နဲ့ အမှတ်-၁၁ တို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။
မင်းတပ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးအဖွဲ့က အရင်က စစ်ရှောင်တွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ခဲ့ပေမဲ့ အခုအချိန်မှာ စစ်ရှောင်တွေ လိုရာသုံးနိုင်ဖို့အတွက် ငွေကြေးသာ ထောက်ပံ့ပြီး မင်းတပ်မှာ ဝယ်ယူလို့မလွယ်ကူတဲ့ ဆေးဝါးတွေကိုလည်း ထောက်ပံ့ခဲ့ပါတယ်။
မင်းတပ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးအဖွဲ့ တာဝန်ခံက “မင်းတပ်မြို့နယ်က စစ်ရှောင်တွေဟာ ထောက်ပံ့မှု မလုံလောက်တဲ့အတွက် IDP camp တွေမှာ မနေနိုင်ဘဲ စားဝတ်နေရေးအတွက် တောင်ယာလုပ်ကိုင်ကြရပါတယ်။ ကျနော်တို့က သူတို့ရှိတဲ့ တောင်ယာတွေအထိ သွားရောက်ထောက်ပံ့ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်က မင်းတပ်မြို့နယ် မရှိန်းလှော်အုပ်စု၊ ဝုန်းခုန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး အနီးဝန်းကျင်ရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။