Home
မြန်မာသတင်း
ဒေါ်လာ၊ ရွှေ နှင့် စက်သုံးဆီစျေး အတက်ကြမ်း
DVB
·
August 11, 2023

စက်သုံးဆီ ရည်ညွှန်းစျေးက တရက်အတွင်း တလီတာကို ကျပ် ၁၀၀ ကျော် ခုန်တက်သွားသလို ဒေါ်လာနဲ့ ရွှေစျေးနှုန်းလည်း အခုရက်ပိုင်းအတွင်း အတက်ကြမ်းလာပါတယ်။

စစ်ကောင်စီရဲ့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ သြဂုတ် ၁၁ ရက်‌အတွက် ထုတ်ပြန်တဲ့ ရန်ကုန်ရည်ညွှန်းစျေးဟာ 92 Ron တလီတာကို ၂,၃၁၀ ကျပ်၊ 95 Ron တလီတာကို ၂,၄၂၀ ကျပ်အထိ စျေးပေါက်ပြီး ဒီဇယ် တလီတာကို ၂,၅၀၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာကို ၂,၅၇၅ ကျပ်အထိ မြင့်တက်လာပါတယ်။

သြဂုတ် ၁၀ ရက်နေ့ ရည်ညွှန်းစျေးနဲ့ယှဉ်ရင် ဓာတ်ဆီတလီတာကို ကျပ် ၁၁၅ အထက်၊ ဒီဇယ် တလီတာကို ၁၄၀ ကျပ်အထိ တရက်အတွင်း စျေးခုန်တက်လာခဲ့တာပါ။

စက်သုံးဆီ လက်လီအရောင်းဆိုင် တာဝန်ရှိသူတဦးက “ဒီနေ့ စျေးအတက်ကြမ်းတယ်။ ဒေါ်လာစျေးကလည်း တက်နေတော့ စျေးကျဖို့က မလွယ်ဘူး။ ဝယ်ချင်တဲ့သူတွေတော့ များတယ်” လို့ ပြောပါတယ်။

ပြည်တွင်း စက်သုံးဆီဈေးတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကတော့ တလီတာကို ကျပ် ၂,၀၀၀ အထက် ဝန်းကျင်မှာပဲ ရှိခဲ့ပြီး ဒေါ်လာစျေးနဲ့အပြိုင် တလအတွင်း ဓာတ်ဆီ တလီတာကို ပျဉ်းမျှ ကျပ် ၃၀၀ နီးပါး မြင့်တက်လာပြီး ဒီဇယ်တလီတာကို ကျပ် ၄၅၀ ဝန်းကျင်ထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်း ဒေါ်လာငွေလဲနှုန်းကလည်း တဒေါ်လာကို ကျပ် ၂,၉၀၀ ဝန်းကျင်မှာ စျေးငြိမ်နေရာကနေ နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ်ပြီးနောက် စတင် မြင့်တက်လာခဲ့ပြီး နောက်ဆက်တွဲဖြစ်စဉ်ဖြစ်တဲ့ နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမှုကြောင့်လည်း တစတစ ထပ်မံမြင့်တက်လာခဲ့ပါတယ်။

သြဂုတ် ၉ ရက်က အမေရိကန်ဒေါ်လာ ငွေလဲနှုန်းဟာ အပြင်စျေးကွက်မှာ တဒေါ်လာကို ကျပ် ၃,၄၀၀ အထက်မှာ စျေးပိတ်ခဲ့ပေမဲ့ မနေ့ သြဂုတ် ၁၀ ရက်နေ့မှာ တဒေါ်လာကို ကျပ် ၃,၅၀၀ အထက်အထိ ဖြစ်ခဲ့ပြီး အပြင်စျေး တရက်အတွင်း ကျပ် ၁၀၀ ‌ ကျော် စျေးတက်သွားခဲ့ပါတယ်။

ရန်ကုန်မြို့ခံ လုပ်ငန်းရှင်တဦးက “မနေ့က စျေးထိုးတက်သွားတယ်။ အဖမ်းအဆီး အစစ်အဆေးတွေလည်းရှိ၊ စျေးကလည်း မငြိမ်ဆိုတော့ တချို့လည်း အရောင်းပိတ်ထားတယ်။ အရောင်းအဝယ်ကတော့ မှောင်ခို ကြိုက်ရောင်း ကြိုက်ဝယ် သဘောပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ် တရားဝင်သတ်မှတ်စျေးက ၂,၁၀၀ ကျပ်ဖြစ်လို့ ပြင်ပစျေးနဲ့ ဗဟိုဘဏ်စျေး ကွာဟချက်က လက်ရှိမှာ တဒေါ်လာကို ကျပ် ၁,၄၀၀ အထက် ကွာခြားချက် ရှိနေပါတယ်။

ဒေါ်လာစျေးကြောင့် ပြည်တွင်းရွှေစျေးလည်း လိုက်ပါမြင့်တက်လာခဲ့ရာ အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၃၇ သိန်းကျော်အထိ မနေ့က ရောက်ရှိခဲ့ပါတယ်။

မနေ့ သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်းက အကယ်ဒမီမီးလင်းရွှေ တကျပ်သားကို ကျပ် ၃၇ သိန်းအထက်ထိ အတက်ကြမ်းခဲ့ပြီး ညနေပိုင်းမှာတော့ ၃၆ သိန်းခွဲဝန်းကျင်အထိ ပြန်လည် ကျဆင်းသွားခဲ့တယ်လို့ ရန်ကုန်မြို့ခံ ရွှေဆိုင်လုပ်ငန်းရှင်တွေထံက သိရပါတယ်။

ရန်ကုန်မြို့ခံ ရွှေဆိုင်လုပ်ငန်းရှင်တဦးက “ဒေါ်လာစျေးက အတက်အကျကြမ်းနေတော့ ရွှေစျေးလည်း အတက်အကျဖြစ်သွားတာ အဲလိုပါ။ ဒေါ်လာစျေးကတော့ ဘာကြောင့် အတက်အကျ ကြမ်းနေလဲတော့ ကျနော်လည်း မသိဘူး။ အ‌ရောင်းအဝယ်ကတော့ မှောင်ခိုပဲပေါ့။ တရားဝင် ဘာမှလုပ်ဖို့မရတော့ ဒီလိုပဲ ခိုးကြောင်ခိုးဝှက် လုပ်နေကြရတာပေါ့။ အဖမ်းအဆီးတွေလည်း ရှိတယ်။ ‌ခေါ်ယူစစ်ဆေးနေတဲ့ သူတွေလည်း ခုထက်ထိ ပြန်မလွှတ်သေးဘူး” လို့ ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်မှာ အကယ်ဒမီ မီးလင်း အခေါက်ရွှေဈေးက တကျပ်သားကို ၃,၆၆၅,၀၀၀-၃,၆၇၅,၀၀၀ ကျပ်မှာ ရှိနေပြီး ၁၅ ပဲရည် ရွှေဈေးက ၃,၄၄၀,၀၀၀ ကျပ်ခန့် ရှိနေတယ်လို့ သိရပါတယ်။

ဒီနေ့ ရန်ကုန်ရွှေလုပ်ငန်းအသင်း YGEA က ထုတ်ပြန်တဲ့ ရည်ညွှန်းရွှေဈေးက ၂,၂၅၇,၃၀၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးနဲ့ ၁၄ သိန်းကျော်ထိ ကွာဟချက် ဖြစ်နေပါတယ်။

ပြည်တွင်းရွှေစျေးဟာ ကမ္ဘာ့ရွှေစျေးနဲ့ ပြင်ပဒေါ်လာစျေးပေါ်မှာ အခြေခံတွက်ချက်တာဖြစ်လို့ ဒေါ်လာစျေးအပေါ် မူတည်ပြီး စျေးအတက်အကျ ဖြစ်ပေါ်လေ့ရှိပါတယ်။

စစ်ကောင်စီအနေနဲ့ ရွှေစျေး၊ ဒေါ်လာစျေးကို ထိန်းညှိရာမှာ ဖမ်းဆီးအရေးယူတဲ့ နည်းလမ်းထက် စျေးကွက်ထဲ ဝယ်လိုအားထက် ရောင်းအားများလာအောင်သာ ဆောင်ရွက်ပေးသင့်တယ်လို့ ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်သူတွေက ထောက်ပြထားကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024