စစ်ကောင်စီတပ်က တပ်သား နှစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
သြဂုတ် ၈ ရက်က အာဏာသိမ်း စစ်ကောင်စီတပ်က ဒုတပ်ကြပ် ၁ ဦးနဲ့ တပ်သား ၁ ဦးတို့ လက်နက်ခဲယမ်းတွေနဲ့အတူ KNLA ပူးပေါင်းတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်ကို မနှစ်သက်တဲ့အတွက် တော်လှန်ရေးပြီးဆုံးတဲ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့အတူ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ် တိုက်ပွဲဝင်သွားဖို့ တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ မှ ဒုတပ်ကြပ် ဇော်မျိုးခိုင် (၃၆ နှစ်)နဲ့ တပ်သား အောင်မျိုးဇော် (၂၃ နှစ်) တို့ KNLA ပူးပေါင်းတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။
သူတို့နှစ်ဦးနဲ့အတူ 60mm ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ 60mm ကျည် ၅ လုံး၊ MA-2 ၁ လက်၊ ကျည်ဘောက် ၅ ဘောက်နဲ့ MA-2 ကျည် ၁၅၀ တောင့်တို့ ပါလာတယ်လို့ သိရပါတယ်။
ပူးပေါင်းလာတဲ့ အဆိုပါ ရဲဘော် ၂ ဦးကို စစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက တဦးကို ထိုင်းဘတ်ငွေ ၅၀,၀၀၀ ဆုချီးမြှင့်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ်က လက်ခတ်တောင်စခန်း ပြန်လည်ရရှိရေးအတွက် နေ့စဥ်နဲ့အမျှ ကြိုးစားနေကြသလို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးတာတွေလည်း လုပ်ဆောင်နေပါတယ်။