Home
ဆောင်းပါး
မင်းအောင်လှိုင် ချင်း(ဂျင်း) နဲ့ အရူးကွက်နင်းနေဆဲ နိုင်ငံတကာ
DVB
·
August 11, 2023

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပြီး ၂ ပတ်အကြာ ဇူလိုင် ၂၄ ရက်နေ့မှာ ထောင်ထဲကနေ နေပြည်တော်က နေအိမ်တအိမ်ဆီ ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့လိုက်တယ်လို့သတင်းထွက်လာတဲ့အခါ  အကောင်းမြင်စိတ်ကြီးတဲ့ သံတမန်တို့ရဲ့ ထုံးစံအတိုင်း တင်းတင်းစေ့ထားတဲ့တံခါး နည်းနည်းဖြင့် ဟလာပြီလားလို့ တွက်ဆကြမယ် ထင်ပါတယ်။

စစ်အုပ်စု ကြောက်ကိုကြောက်ရတဲ့ တရုတ်အစိုးရရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းဆိုမှုကိုတောင် ငြင်းပယ်ခဲ့ပြီးခါမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခွင့်ပြုခြင်းဟာ တရုတ်အတွက်ရော အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအတွက်ပါ အရှက်ရခဲ့ကြပေမဲ့ ဘာပဲဖြစ်ဖြစ် ဟလာပြီလို့ထင်ကြတဲ့ တံခါးကို နိုင်ငံတကာသံတမန်တွေ စုပြုံ ခေါက်ခဲ့ကြပါတယ်။

ပြီးတော့ နေပြည်တော်အချုပ်ထောင်ထဲကနေ နေပြည်တော်က အိမ်တလုံးဆီ အကျယ်ချုပ်အဖြစ် ရွှေ့လိုက်တယ်ဆိုတဲ့သတင်းမှန်တယ်ဆိုရင်တော့ နိုင်ငံတကာသံတမန်တွေနဲ့ တွေ့ရဆုံရ နေရာထိုင်ခင်း အဆင်ပြေရအောင်နဲ့ စစ်အုပ်စုရဲ့ ပျော့ပျောင်းမှုသဘောလို့ သံတမန်အသိုင်းအဝိုင်းက ကောက်ယူမှာ မလွဲပါဘူး။ သတင်းတချို့က နေပြည်တော်က ဒုဝန်ကြီးအဆင့် နေထိုင်တဲ့ အိမ်တလုံးဆီ ပြောင်းရွှေ့ပေးလိုက်တယ်လို့ ဖော်ပြကြပေမဲ့ အတည်ပြုရ မလွယ်ပါဘူး။ ဒီနေ့ထိတိုင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာထားသလဲဆိုတာ အခိုင်အမာ မပြောနိုင်ကြသေးပါဘူး။ စစ်အုပ်စုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်အဖြစ် ပြန်ထားကြောင်း ဘာ့ကြောင့် တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိတာပါလဲ။ သူတို့ မကြည်ဖြူလို့၊ သူတို့လိုဘအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချစရာ မရှိတော့လို့၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့အသုံးချလို့ မရဘူးဟေ့ဆိုရင် ထောင်ထဲ ပြန်ပို့ချင်ပို့မှာမို့ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် လိုတဲ့အချိန် အကျယ်ချုပ်၊ မလိုတဲ့အခါ ထောင်ထဲ ဆိုပြီး ဗလောင်းဗလဲလုပ်တယ်လို့ အပြောမခံရအောင် တရားဝင် ထုတ်မပြောတာလို့ နားလည်ရပါတယ်။ ထားတော့။

ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန်တို့က တောင်းဆိုခဲ့သလို တရုတ်နဲ့ အိန္ဒိယ တာဝန်ရှိသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေကြတယ်လို့ ဇူလိုင် ၂၇ ရက်နေ့ ဘီဘီစီသတင်းက ဆိုပါတယ်။

အဲဒီလို သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း နေပြည်တော်ကို ရောက်လာပါတယ်။ သူက နေပြည်တော်မှာ မင်းအောင်လှိုင်၊ ရာပြည့်၊ ကိုကိုလှိုင်၊ သန်းဆွေတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရ မရ စစ်အုပ်စုက အတည်မပြုပါဘူး။

ဇူလိုင် ၂၇ ရက်မှာ NLD အစိုးရလက်ထက် ပြည်ထောင်စုလွှတ်တော်နာယက တီခွန်မြတ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာခဲ့ပေမဲ့ စစ်အုပ်စုက အတည်မပြုပါဘူး။ တီခွန်မြတ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တာကြောင့် မင်းအောင်လှိုင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သိရအောင် လွှတ်လိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သိပြီးခါမှ နိုင်ငံတကာသံတမန်တွေနဲ့ တွေ့ခွင့်ပြုသင့်၊ မသင့် အကဲဖြတ်ချင်တာကြောင့် ဖြစ်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ စစ်အုပ်စု စိတ်ကူးယဉ်ကြည့်သလို သူတို့ အာဏာတည်မြဲရေးအတွက် တော်လှန်ရေးအင်အားစုတွေကို တားဆီးပေးချင်သလား။ လက်နက်ကိုင်တော်လှန်ရေးကို ငြင်းဆိုကာ NUG အစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အပြင်ဘက် သီးခြားရပ်တည်မလား။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ချန်ထားကာ စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာလိုစိတ်ရော မရှိဘူးလား။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့စိတ်ကူးယဉ်ကြည့်သလို သဘောထားရှိခဲ့ရင် နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့ဆုံခွင့်ပြုတာဟာ စစ်အုပ်စုရှေ့ရေးအတွက် အမြတ်ထွက်လာမှာ အသေအချာပါပဲ။ သူတို့ စိတ်ကူးယဉ်သလို မဟုတ်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာ သူနဲ့တွေ့ခွင့်ရတဲ့ နိုင်ငံတကာသံတမန်တွေကနေ တဆင့် ပြင်ပကမ္ဘာဆီ ပျံ့နှံ့သွားနိုင်တဲ့ အန္တရာယ်ကြီး ရှိနိုင်ပါတယ်။ အဲဒီလိုသာ ပျံ့နှံ့သွားခဲ့ရင် တောက်လောင်နေတဲ့ တော်လှန်ရေးအရှိန်အဟုန် ပိုအားကောင်းလာအောင် လေနဲ့ပင့်ပေးသလို ဖြစ်သွားနိုင်ပါတယ်။

ဒါ့ကြောင့် တီခွန်မြတ်ကိုလွှတ်ကာ ကြိုတင်လှမ်းထောက်ပြီး သူတို့စိတ်ကူးယဉ်သလို မဟုတ်လေတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ပြင်ပကို ထုတ်မပြောမှာ သေချာတဲ့ တရုတ်သံတမန်လောက်ကိုသာ မကောင်းတတ်လို့ ပေးတွေ့တာမျိုး ဖြစ်နိုင်ပါတယ်။ အင်ဒိုနီးရှား အပါအဝင် တခြားသံတမန်တွေနဲ့ တွေ့ဆုံခွင့်ကိုတော့ စစ်အုပ်စုက ခွင့်ပြုမယ် မထင်ပါဘူး။

နိုင်ငံတကာသံတမန်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုပေမဲ့ ပေးမတွေ့ခြင်းကြောင့် ဖိအားတွေ တိုးလာမှာကိုလည်း စစ်အုပ်စုက ကြောက်ပုံရပါတယ်။ အရင်တုန်းက ဘယ်နိုင်ငံတကာရဲ့ ဘယ်လိုပိတ်ဆို့မှုမျိုးကိုမှ အရေးမစိုက်သလိုမျိုး ဟိတ်ဟန်ထုတ်တတ်တဲ့ မင်းအောင်လှိုင်ဟာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန် ပိတ်ဆို့ပြီးနောက် ပိတ်ဆို့မှုဆိုတာ ကြောက်စရာကောင်းမှန်း ကောင်းကောင်းသိရှိလာပုံပါ။

ဒါ့ကြောင့် ဩဂုတ် ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ထောင်ဒဏ်လျှော့ခြင်းနည်းနဲ့ နိုင်ငံတကာကို ချင်း(ဂျင်း)ထည့်ဖို့ ကြိုးစားလာပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားမဲ့ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားရာကနေ ၆ နှစ်လျှော့ပြီး တရားမဲ့ထောင်ဒဏ် ၁၂ နှစ်ချထားတဲ့ သမ္မတဦးဝင်းမြင့်ကို ထောင် ၂ နှစ် လျှော့ခဲ့တာပါ။ ပြောရမယ်ဆိုရင် ဘာဆိုဘာမှ မထူးခြားတဲ့ ထောင်ဒဏ်လျှော့ခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တညီတညွတ်တည်းသော တောင်းဆိုမှုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးဆိုတာကို လက်မခံကြောင်း စစ်အုပ်စုက လက်တွေ့ သက်သေပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဩဂုတ် ၁ ရက်နေ့မှာပဲ အကျဉ်းသား ၇,၇၄၉ ဦးကို စစ်အုပ်စုက လွတ်ငြိမ်းခွင့် ပြုခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အတည်ပြုချက်အရ လွတ်ငြိမ်းခွင့်ရ ၇,၇၄၉ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၁၇  ဦးသာ ပါဝင်ပြီး အဲဒီနိုင်ကျဉ်းတွေဟာ မကြာမီ လွတ်ရက်စေ့လို့ ထောင်ကနေ ပြန်လွတ်တော့မယ့် လွတ်ရက်နီးတွေ ဖြစ်ပါတယ်။

ဆိုတော့ ဩဂုတ် ၁ ရက်နေ့ လွတ်ငြိမ်းဆိုတာ အရင့်အရင်က မင်းအောင်လှိုင် ပေးခဲ့ဖူးတဲ့ လွတ်ငြိမ်းတွေလိုပဲ နိုင်ငံရေးစေတနာ ငါးပြားတစေ့တောင် မပါဘဲ နိုင်ငံတကာကို ချင်း(ဂျင်း)ထည့်လို့ ရမလားဆိုတဲ့ လွတ်ငြိမ်းဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။

ဇူလိုင်နောက်ဆုံးပတ်ကစလို့ မင်းအောင်လှိုင်ရဲ့ အတိုး၊ အဆုတ်၊ အနုတ် အသိမ်းတွေကို ချုပ်လိုက်ရင် လတ်တလော နိုင်ငံရေးအသက်ရှူချောင်ဖို့နဲ့ အနာဂတ်ကာလမှာ သူ့အာဏာ တည်မြဲရေးအတွက်သာ ရှေ့ရှုနေမှန်း ငြင်းမရသလို နိုင်ငံတကာအသိုင်းအဝိုင်းက လက်သီးလက်မောင်းတန်းနေတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဆိုတာကို မင်းအောင်လှိုင်က ယဉ်ယဉ်ကျေးကျေး တံတွေးနဲ့ ထပ်ထွေးပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကို လက်တွေ့ကျတဲ့ အကူအညီတွေ ပေးဖို့ ပျက်ကွက်နေဆဲ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ကိုယ့်ပျက်ကွက်မှုကိုယ် ကာကွယ်ဖို့ မူ ၅ ရပ်နဲ့ အရူးကွက် နင်းနေဆဲပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024