Home
မြန်မာသတင်း
တရုတ်နယ်စပ် ဗန်းမော်-လွယ်ဂျယ် ကုန်သွယ်လမ်းကို စစ်ကောင်စီ အကန့်သတ်မရှိ ပိတ်
DVB
·
August 10, 2023

ကချင်ပြည်နယ်က တရုတ်နယ်နိမိတ်နဲ့ထိစပ်နေတဲ့ လွယ်ဂျယ်မြို့နဲ့ ဗန်းမော်မြို့ကို ဖောက်လုပ်ထားတဲ့ ကုန်သွယ်ရေးလမ်းမကို သြဂုတ် ၆ ရက်ကစတင်ပြီး  စစ်ကောင်စီတပ်က ပိတ်ဆို့နေခဲ့ရာက ​ဒီနေ့ သြဂုတ် ၁၀ ရက်မှာတော့ ကုန်သွယ်မှုကို လုံးဝပိတ်ဆို့ ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကစတင်ပြီး ကချင်ပြည်နယ် ကေအိုင်အို ထိန်းချုပ်နယ်မြေတွေ ဖားကန့်နဲ့ ရှမ်းမြောက်ဒေသတွေမှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပြန်အလှန် တိုက်ပွဲတွေ ဖြစ်နေကြပါတယ်။

စစ်ကောင်စီဟာ ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းကို ပိတ်ဆို့နေတာကြောင့် ပြည်သူတွေအနေနဲ့ တခြားလမ်းတွေကနေ ရှောင်ကွင်းသွားလာနေရပြီး ခရီးစရိတ်ကြီးမြင့်တာ၊ ကုန်သွယ်မှု ပြတ်တောက်တာ စတဲ့ အခက်အခဲတွေကို ခံစားနေရပါတယ်။

သြဂုတ် ၆ ရက်ကစပြီး ဗန်းမော်-လွယ်ဂျယ် အဝင်အထွက်နဲ့ ကုန်သွယ်မှုတွေကို ပိုမိုတင်းကျပ်ခဲ့ပြီး ဆန်စပါးနဲ့ အခြေခံစားသောက်ကုန်တွေကို တင်သွင်းခွင့် ပိတ်ပင်လိုက်တာကြောင့် ကုန်သည်တွေ စီးပွားရေးလုပ်ငန်းရှင်တွေ နစ်နာခဲ့ရပါတယ်။

လွယ်ဂျယ်ဒေသခံတဦးက “စိန်လုံဂိတ်မှာ ကုန်ကားလေးစီး စစ်တပ်က ဖမ်းသွားတယ်။ အရင်ကလည်း သစ်ကားတွေ ဖမ်းပြီး ဒဏ်ကြေးဆောင်ခိုင်းပြီးမှ ပြန်လွှတ်တယ်။ ဒီလမ်းမှာ သူတို့ကို နားလည်မှုနဲ့ ဂိတ်တိုင်းမှာ ငွေပေးပြီး သယ်နေကြတာပဲ။ အဲဒါကို ဖမ်းတယ်ဆိုတော့ တမင်လုပ်ကွက်ရှာပြီး ငွေညှစ်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလက်ရှိမှာတော့ ခရီးသည်အဝင်အထွက်ကို တင်းကျပ်စိစစ်ပြီး ခွင့်ပြုနေသေးပေမဲ့ ကုန်သွယ်ခွင့်ကိုတော့ အကန့်အသတ်မရှိ အကြောင်းမဲ့ ပိတ်ဆို့ ဖြတ်တောက်လိုက်တာကြောင့် ဒေသတွင်းမှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်မှုနဲ့ စရိတ်မြင့်တက်မှုတွေ ဖြစ်ပွားနေပါတယ်။

“ခရီးသွားတဲ့ လူတယောက်ကို အိတ်အများကြီး မသယ်ရတော့ဘူး။ အကုန်မွှေနှောက်ပြီး စစ်တယ်။ ခရီးစရိတ်လည်း အရင်ထက် သုံးဆလောက် တက်သွားတာပေါ့” လို့ ဒီလမ်းကြောကို ပြေးဆွဲနေတဲ့ ကားသမားတဦးက ပြောပါတယ်။

စစ်ရေးထိတွေ့မှု အဓိဖြစ်ပွားနေတဲ့ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက နမ်ဆန်ယန်ကို စစ်အင်အား အဆက်မပြတ် တိုးချဲ့နေပြီး ကုန်သွယ်မှုပိတ်ဆို့ထားတဲ့အပြင် အခုတခါလည်း ဗန်းမော်ကတဆင့် လွယ်ဂျယ်ကို ကုန်သွယ်ခွင့် ပိတ်ပင်လိုက်တဲ့အတွက် ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းက လိုင်ဇာမြို့၊ မိုင်ဂျာယန်မြို့နဲ့ တခြား ဒေသတွင်းက ရွာတွေကို စားနပ်ရိက္ခာနဲ့ အခြေခံလိုအပ်ချက်တွေ ဖြတ်တောက်ပစ်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

စစ်ကောင်စီတပ်ဘက်က အခုလို ပိတ်ဆို့မှုတွေ ပြုလုပ်တာကြောင့် ဗန်းမော်ကနေ မိုင် ၅၀ ခန့်ဝေးတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကနေ အဓိကတင်သွင်းနေတဲ့ အခြေခံစားသောက်ကုန်တွေ ဆန်၊ ဆီ စတာတွေဟာ နေ့စဥ် မြင့်တတ်လာနေပါတယ်။

ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ကလည်း သြဂုတ် ၈ ရက်က ခရီးသွား မိဘပြည်သူတွေထံ အသိပေးထုတ်ပြန်စာတစောင်ကို BPDF ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါစာမှာ စစ်ရေးတင်းမာနေတဲ့ကာလ ဖြစ်တဲ့အတွက် လုံခြုံရေးယူကာ စစ်ဆေးရတာတွေရှိကြောင်း၊ ဗန်းမော်-မန္တလေး၊ ဗန်းမော်-မြစ်ကြီးနား၊ ဗန်းမော်-လွယ်ဂျယ် ကားလမ်းတွေကို အသုံးပြုပြီး ကုန်တင်ကြတဲ့ ကားကြီးတွေအနေနဲ့ အဲဒီကားလမ်းတွေကို မဖြစ်မနေ အသုံးပြုမယ်ဆိုပါက  မိုးကာ တခြမ်းသာအုပ်ဖို့၊ ကားမှန်ချထားဖို့နဲ့ စစ်ဆေးချိန် ပူးပေါင်းပေးဖို့ အချက် ၃ ချက်ကို လိုက်နာပေးဖို့ အသိပေးထားပါတယ်။

လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ ယာဉ်တွေဟာ ဖြစ်လာသမျှ အကျိုးဆက်ကို ကိုယ်တိုင်သာ တာဝန်ယူရမယ်လို့ ထုတ်ပြန်ချက်မှာ ထပ်မံ အသိပေးထားပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲတွေဖြစ်ပွားတဲ့အခါတိုင်း တိုင်းရင်းသားဒေသတွေကို ဖြတ်လေးဖြတ် စနစ်ကျင့်သုံးပြီး ပိတ်ဆို့တားဆီးမှုတွေ လုပ်ဆောင်လေ့ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024