Home
နိုင်ငံတကာ
တရုတ်ခရီးသွားများကို ဆင်းတုတော်အတုနှင့် အဆောင်တု လိမ်ရောင်းသည့် ထိုင်းဘုန်းကြီး အရေးယူခံရ 
DVB
·
August 10, 2023

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်မှာ  တရုတ်ခရီးသွားဧည့်သည်တွေကို ဘုရားဆင်းတုတော် အတုနဲ့ အဆောင်အတုတွေ လိမ်လည်ရောင်းချနေတဲ့ ဘုန်းကြီးကျောင်းကို တာဝန်ရှိသူတွေက ဝင်ရောက်စီးနင်းပြီး ကျောင်းထိုင်ဆရာတော်နဲ့ ဆိုင်ဖွင့်သူ၊ ဆိုင်ဝန်ထမ်းတွေကို ဖမ်းဆီး အရေးယူလိုက်ပါတယ်။ 

ဒီမတိုင်ခင်ရှေ့က အဆိုပါကျောင်းတိုက်ကနေ ရတနာဆင်းတုတော်တွေ ဝယ်သွားတဲ့ တရုတ်ခရီးသွားတချို့ဟာ တရုတ်ပြည် ပြန်ရောက်တော့ သူတို့ ဝယ်လာတဲ့ ဆင်းတုတော်ကို  စစ်၊ မစစ် ဆန်းစစ်ကြည့်ရာမှာ အတုတွေ ဖြစ်နေတဲ့အကြောင်း လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံတာဝန်ရှိတွေက  စုံစမ်းထောက်လှမ်းပြီး  ချွန်းပူးရီးမြို့နယ်ရှိ ခေါဝ်ချီကျန်း ကျောင်းတိုက်ကို ဩဂုတ် ၆ ရက်နေ့က သွားရောက်စစ် ဆေးဖမ်းဆီးခဲ့တာပါ။ 

ကျောင်းတိုက်ရှိ အခန်းတစ်ခန်းကို တရုတ်အမျိုးသားနဲ့ လက်ထပ်ထားတဲ့ ဖယွမ်ဖားနစ် ဆိုသူ ထိုင်းအမျိုးသမီးက သူ့နာမည်နဲ့ တလကို ဘတ် ၁၅၀၀၀၀ နှုန်းနဲ့ ငှားရမ်းခဲ့ကြောင်း၊ အခန်းငှားစာချုပ်မှာ စားသောက်ဆိုင်ဖွင့်ရန်လို့ ဖော်ပြထားပေမဲ့ အထဲမှာ ရွှေ၊ ငွေ၊ ကျောက်စိမ်းတွေနဲ့ ထွင်းထုထားတဲ့ ဘုရားဆင်းတုတော်တွေ၊ တန်ခိုးကြီးဘုရားစေတီရုပ်တုတွေ၊ အဆောင်လက်ဖွဲ့တွေ ရောင်းချကြောင်း၊ အခန်းကိုလည်း ခမ်းနားလှပစွာ ပြင်ဆင်ထားပြီး ဇန်နဝါရီလမှ မေလအထိ လုပ်ငန်းလည်ပတ်ငွေ ဘတ်သန်းပေါင်း ၁၀၀ ကျော်ရှိတယ်လို့  ထိုင်း အမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ဟတ်ဖန်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဆိုင်နဲ့ချိတ်ဆက်ထားတဲ့ ဧည့်လမ်းညွန်တွေက တရုတ်ခရီးသွားတွေ ရောက်လာရင်၊ အထူးသဖြင့် အဖွဲ့လိုက်လာတဲ့ ခရီးသွားတွေကို အဆိုပါကျောင်းတိုက်ကို ခေါ်သွားကြောင်း၊ ပြီးရင် တရုတ် ယဉ်ကျေးမှုအနုပညာဆန်ဆန် ပြင်ဆင်ထားတဲ့ အဆိုပါအခန်းကြီးထဲ ခေါ်သွားပြီး ပစ္စည်းတွေ ရောင်းချကြောင်း၊ အပြင်မှာ ဘတ် ၄၀၀ လောက်သာ တန်ဖိုးရှိတဲ့ ဘုရားဆင်းတုတော် တဆူကို ဘတ် ၁၀၀၀၀ ကျော်မှ  ၃၀၀၀၀ ထိ ရောင်းချပြီး တရုတ်ပြည်ကနေ ငွေလွှဲပြီး မှာယူတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေက အဆိုပါဆိုင်ရှင်အမျိုးသမီးကိုရော တရုတ်နိုင်ငံသား ဝန်ထမ်း ၁၂ ဦး ကိုပါ ဖမ်းဆီးထားပါတယ်။ ဒီအမှုနဲ့ဆက်စပ်နေတဲ့ နောက်ထပ် တရုတ်လူမျိုး ၄ ဦးကိုလည်း ဖမ်းထားပြီး ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေပါတယ်။

သူတို့ကို တရားမဝင်အလုပ်ဝင်ရောက်လုပ်ကိုင်မှု၊ ပစ္စည်းအတုလိမ်လည်ရောင်းချမှု၊ သာသနာအလွဲသုံးစားလုပ်မှု၊ မသမာတဲ့နည်းနဲ့ ထိုင်းမှတ်ပုံတင်ကိုင်ဆောင်မှု စတာတွေနဲ့ စစ်ဆေးအရေးယူသွားမယ်လို့ ပြောပါတယ်။  

ဒါ့အပြင် ကျောင်းထိုင်ဆရာတော်ရဲ့ ပိုင်ဆိုင်မှု ဘတ် ၁၃၇ သန်းကိုလည်း သိမ်းဆည်းထားသလို ဘတ်ငွေသန်းနဲ့ချီ လွှဲပြောင်းလက်ခံထားတဲ့ ကျောင်းတိုက်အထွေထွေအလုပ်သမ ၊ ဆရာတော်ရဲ့ မိခင်နဲ့ ညီဖြစ်သူတို့ရဲ့  ဘဏ်စာရင်းစာအုပ်တွေလည်း သိမ်းဆည်းကာ လူကိုပါ စစ်ဆေးနေတယ်လို့  ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

Ref:MGR Online

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024