Home
မြန်မာသတင်း
မုံရွာ၊ ဒီပဲယင်း၊ ကနီနှင့် ယင်းမာပင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား
DVB
·
August 10, 2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံမင်းဒေါင့်ဆိပ်ကမ်းက‌နေ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်ကို ဆန်တက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်သင်္ဘောအပါအဝင် စစ်ရေယာဉ်အုပ်စု ၁၂ စီးကို ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ် ၉ ရက် မွန်းလွဲပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မုံရွာ မင်းဒေါင့်က‌နေ ထွက်လာတဲ့ စစ်သင်္ဘာ ရိက္ခာတင်ဖလပ်သ‌င်္ဘော အုပ်စုကို ချင်းတွင်းမြစ်ကမ်း တနေရာအရောက် စနိုက်ဘာနဲ့ စပြီးပစ်ခတ်ခဲ့တယ်” လို့ ကျောက်လုံးကြီး KLG PDF က ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃၊ ကျောက်လုံးကြီး KLG PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်တာဖြစ်ပြီး KLG PDF အဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် ထိမှန်သေဆုံးခဲ့ပြီး အလောင်းကို ကနီမြို့ ဆေးရုံတောင်ဘက် သင်္ချိုင်းထဲမှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

“အကြမ်းဖက်စစ်ကောင်စီ ရေယာဉ်အုပ်စုနဲ့ ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်ပွားနေလို့ ချင်းတွင်းမြစ်ကမ်းဘေးက ပြည်သူတွေ အထူးသတိထား‌ နေထိုင်ကြဖို့ လိုအပ်ပါတယ်” လို့ တော်လှန်ရေးအဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ မုံရွာ၊ ဟုမ္မလင်း ခရီးသည်တင် အမြန်ရေယာဉ်တွေနဲ့ ကုန်တင်ရေယာဉ်တွေ ပိတ်မိနေပြီး မုံရွာ၊ ဟုမ္မလင်း မဟာမြိုင်ကားလမ်းကိုလည်း ပိတ်ထားတယ်လို့ ‌ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်နေသူတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အဝင်မှာ ဂိတ်ချကာ ပိုက်ဆံတောင်း ငွေညှစ်နေတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက နှစ်နေရာခွဲပြီး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

သြဂုတ် ၉ ရက် မနက်အစောပိုင်းက ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီအင်အား ၁ဝဝ ကျော်ပါ စစ်ကြောင်းက စစ်ကြောင်းထိုး ဝင်ရောက်နေချိန်ဖြစ်လို့ မြို့အဝင်ဂိတ်ကို အင်အားလျှော့ချထားချိန် ကွက်သစ်ဘက်ကတဖွဲ့နဲ့ ပေလမ်းဘက်ကနေတဖွဲ့ ခွဲကာ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိအဆင့် ၁ ဦး နေရာတင် သေဆုံးကာ ၃ ယောက် ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ပုဂံပြည် ဘီလူးတပ် ခေါင်းဆောင် ကိုဇီးကွက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီတပ် စစ်ကြောင်းတချို့က မြို့ထဲကို စစ်ကြောင်းထိုးနေတော့ လုံခြုံရေး လျှော့ထားတာထင်တယ်၊ ၁၅ ဦးလောက်ရှိတယ်။ ၁ ဦး လဲကျသေတာက မျက်မြင်ပါ။ ၃ ယောက် ပြင်းထန်ဒဏ်ရာက မြေပြင်သတင်းပါဗျ။ ကျနော့်တို့ အဲ့ဘက်ဂိတ်ကိုတိုက်ဖို့ ချောင်းနေတာ ကြာပြီ။ သူတို့လစ်မယ်ထင်လို့ တိုက်ခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်မှုက မိနစ် ၂ဝ လောက်ပဲရှိတယ်။ တိုက်ပွဲဖြစ်နေတုန်း ခမရ ၇ဝ၂ နဲ့ ၇ဝ၈ က တပ်ကူလာနေပြီဆိုတဲ့ သတင်း ရတာနဲ့ ပြန်ဆုတ်လာခဲ့ရပါတယ်။ မှတ်တမ်းဗွီဒီယိုတော့ မရိုက်နိုင်ခဲ့ပါဘူးခင်ဗျ။ ဒီဂိတ်က ခရီးသွားတွေ မြို့ခံတွေကို ငွေညှစ်တာ၊ ပိုက်ဆံတောင်းတာ နာမည်ကြီးဂိတ် ဖြစ်ပါတယ်။”

အဆိုပါတိုက်ခိုက်မှုတွေကို ပုဂံပြည်ဘီလူးတပ်နဲ့အတူ နယ်စည်းမခြား ဖက်ဒရယ်စစ်ကြောင်း၊ ရန်ကြီးအောင် PDF၊ ညောင်ဦးခရိုင် တပ်ရင်း-၅ တပ်ခွဲ-၂ (ရဲဘော်ညီနောင်) နဲ့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ တိုက်ခိုက်ခံရတဲ့ စစ်ဆေးရေးဂိတ်ကို တပ်ကူရောက်ရှိလာတဲ့ အင်အား ၂ဝဝ ကျော်ပါ ခမရ ၇ဝ၂ နဲ့ ၇ဝ၈ ပူးပေါင်းစစ်ကြောင်းက ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာဘက်ကို စစ်ကြောင်းထိုး ရောက်ရှိနေပြီး သြဂုတ် ၉ ရက် မနက်အစောပိုင်းမှာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းက မန်ကျည်းစောက်ရွာ၊ ကြည်ရွာ၊ ပုံကံရွာ၊ မန်ကျည်းအုပ်ရွာ၊ နဘဲလှရွာ၊ ကြခတ်ရွာ၊ အေးသာယာရွာ၊ လတ်တီးရွာတွေဘက်ကို သေနတ်ပစ်ဖောက်ကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့လို့ ဒေသခံပြည်သူ ၁ဝ,ဝဝဝ ဝန်းကျင် စစ်ဘေးလွတ်ရာတွေကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်းကနေ ဆန်တက်‌နေတဲ့ စစ်ကောင်စီ စစ်‌‌သင်္ဘောပေါ်ကနေပါလာတဲ့ စစ်သားတွေနဲ့ ပြည်သူကာကွယ်ရေးအဖွဲ့တို့ ဩဂုတ် ၉ ရက် မနက်ကနေ နေ့လယ် ၂ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အဆိုပါ စစ်သင်္ဘောတွေဟာ ဩဂုတ် ၇ ရက်က မုံရွာမြို့နယ်၊ အလုံမြို့ စစ်ပင်ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာတာလို့ ဆိုပါတယ်။

ကျောက်လုံးကြီးသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ AT က “မနေ့ကတော့ စေသူဆိပ်ကမ်းကနေ ဆန်တက်လာခဲ့တာဗျ။ သူတို့အိုင်တောင်ရွာဆိပ်ကမ်းမှာ ညအိပ်ပြီး မနက်ခင်းပိုင်း အထက်ကို ဆန်တက်ရာမှာ ကျနော်တို့နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ နေရာကတော့ ၄ နေရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာ။ အဓိကကတော့ မြစ်ရေပြင်ကျယ်နေတာကြောင့် ကျနော်တို့ ရှေ့ထွက် လက်လုပ်တွေ မသုံးဘဲ စနိုက်ပါကိုပဲ အဓိကသုံးပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာဗျ။ အကျအဆုံးကတော့ စစ်ကောင်စီဘက်က ၁ ဦး ကျဆုံးတယ်လို့သိထားရတယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ KLG PDF(ကျောက်လုံးကြီး)အဖွဲ့က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ မြစ်ကမ်ေဘေး ကျေးရွာတွေကို ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီး‌‌ခဲ့သလို ရသစ်ရွာသားတဦး လက်မောင်းကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ လယ်ငေါက်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဩဂုတ် ၉ ရက် မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူတွေ စစ်ဘေးရှောင်နေရပါတယ်။

အခုတိုက်ပွဲကို ကျားသစ်နက်တပ်ဖွဲ့၊‌ သခင်ဒေါင်းညိုအဖွဲ့နဲ့ ဒေသခံ LPDF တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့  သိရပါတယ်။

သခင်ဒေါင်းညိုက “တိုက်ပွဲက ဒီနေ့မနက်ခင်း ၈ နာရီကျော်က ဖြစ်တာဗျ။ ဒီဘက်လာမယ်ဆိုတာ သိလို့ ကြိုတင် ကာကင်းယူပြီး စောင့်နေတာ။ ပစ်တာကတော့ သူပစ်ကိုယ်ပစ်ပဲ။ အထိအခိုက်ကတော့ ဘယ်လောက်ရှိမယ် ဆိုတာကတော့ အတိအကျ မပြောနိုင်ဘူး။ ကိုယ့်ဘက်ကတော့ တဦးမှ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ပုလဲမြို့နယ်၊ ကျေးနင်းကြီးရွာကနေ ဒီနေ့ ဩဂုတ် ၉ ရက် မနက်အစောပိုင်းက စတင်ထွက်ခွာလာတာလို့ လယ်ငေါက်ရွာသားတယောက်က ပြောပါတယ်။ 

“ကျေးနင်းကြီးရောက်လာကတည်းက ကျနော်တို့ ဒေသခံအများစုက စစ်ဘေးရှောင်နေတယ်ပေါ့။ အနည်းစုက ကိုယ့်အိမ်ကို စောင့်ရအောင် ရွာထဲနေခဲ့တာမျိုးတော့ ရှိခဲ့တယ်ဗျ။ ဒီနေ့မနက်ခင်း အစောပိုင်းကျတော့ လက်နက်ကြီးသံတွေ၊ လက်နက်ငယ်သံတွေ ကြားရတော့ ရွာထဲ နေခဲ့တဲ့သူတွေလည်း အကုန်ထွက်ပြေးလာခဲ့တယ်။ ဖမ်းမိသူကတော့ လတ်တလော မသိရသေးဘူး။” 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပုလဲမြို့နယ် ကြောင်သန်းရွာအနီးမှာ အဲဒီစစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး လက်ရှိအချိန်မှာ လယ်ငှေါက်ရွာ ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲနေတာကြောင့် ဒေသခံရွာသားတွေ ရွာထဲပြန်မဝင်နိုင်သေးဘဲ ဘေးလွတ်ရာကို ရှောင်တိမ်းနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024