ပြင်သစ်နိုင်ငံအရှေ့ပိုင်းရှိ မသန်စွမ်းသူများအတွက် ဖွင့်လှစ်ထားတဲ့ အားလပ်ရက် အပန်းဖြေဂေဟာမှာ သြဂုတ် ၉ ရက်က မီးလောင်မှုအတွင်း လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြပါတယ်။
စထရားစ်ဘာရ်ဂ်မြို့ရဲ့တောင်ဘက် မိုင် ၅၀ အကွာလောက်က ဗင့်ဇန့်ဟိုင်မ်မြို့ရှိ အားလပ်ရက်ဂေဟာမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဂေဟာကနေ လူ ၁၇ ဦးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရကာ တဦးကို ဆေးရုံပို့ဆောင်ခဲ့ကြောင်း ဒေသဆိုင်ရာ စီရင်စု တာဝန်ရှိသူက ပြောကြားပါတယ်။
ဒေသစံတော်ချိန် မနက် ၆ နာရီခွဲလောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးတော့ မီးသတ်သမားတွေက မီးအမြန်ငြှိမ်းသတ်ခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒီဂေဟာမှာ သင်ယူမှုအပိုင်း အားနည်းချက်ရှိသူတွေကို အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တဖွဲ့က ငှားရမ်း လုပ်ကိုင်နေတဲ့ နေရာဖြစ်တယ်လို့ France 3 ရုပ်သံ သတင်းမှာ ဖော်ပြပါတယ်။
Source - Reuters