ဆွီဒင်အသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ပြီးနောက် ရယ်မောခဲ့တဲ့ အကြောင်းအရင်းကို အမေရိကန် အမျိုးသမီးဘောလုံးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ရက်ပီးနိုးက ပြန်လည်ဖြေရှင်းသွားပါတယ်။
အသက် ၃၈ နှစ်ရှိ ရက်ပီးနိုးဟာ ဆွီဒင်နဲ့ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာ ဂိုးဘားပေါ် ကျော်လွန်သွားခဲ့ပြီး ဆွီဒင်အသင်းက ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပင်နယ်တီလွဲချော်ပြီးနောက် ရယ်မောနေခဲ့တဲ့အပေါ် အမေရိကန်ပရိသတ်တွေက ဝေဖန်ပြစ်တင်ခဲ့ကြပါသေးတယ်။
တိုက်စစ်မှူး ရက်ပီးနိုးကတော့ ပင်နယ်တီလွဲချော်ချိန်မှာ ရယ်မောခဲ့တာ မှန်ပေမဲ့ နာကျင်တဲ့ ရယ်မောခြင်းသာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့တာပါ။
ရက်ပီးနိုးက “နာကျင်စရာ ရယ်မောခြင်းတခုလိုပါပဲ။ ကျမ ဘယ်တုန်းကမှ ဂိုးဘားပေါ် မကျော်ခဲ့ဖူးဘူး။ ပင်နယ်တီလွဲရင်တောင် ဂိုးသမားကာကွယ်နိုင်ခဲ့လို့သာ ဖြစ်တယ်။ ဒါကြောင့် ကျမမျက်နှာက နာကျင်စွာ ပြုံးခဲ့ရတာဖြစ်တယ်” လို့ ပြောပါတယ်။
ရက်ပီးနိုးဟာ အသက် ၃၈ နှစ် ရှိနေပြီဖြစ်လို့ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲက သူ့ရဲ့ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။