Home
မြန်မာသတင်း
စစ်တွေကမ်းခြေတွင် နစ်မြုပ်ရိုဟင်ဂျာစက်လှေမှ အလောင်း ၁၃ လောင်း ထပ်တွေ့
DVB
·
August 9, 2023

ရခိုင်ပြည်နယ်ကနေ မလေးရှားသွားမယ့် ရိုဟင်ဂျာစက်လှေ နစ်မြုပ်ပြီး ပျောက်ဆုံးနေတဲ့ ၁၃ ဦး အလောင်းကို သြဂုတ် ၈ ရက်နဲ့ ၉ ရက်က စစ်တွေကမ်းခြေရှိ ဘာဆာရာရွာအနီးမှာ ထပ်တွေ့ခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း တာဝန်ရှိသူတွေထံက သိရပါတယ်။

“ဒီနေ့ သြဂုတ်လ ၉ ရက်မှာ စစ်တွေမြို့နယ်၊ ဘာဆာရာရွာ အနောက်ဘက် ပင်လယ်ကမ်းခြေမှာ ၄ လောင်းတွေ့တယ်။ သဲချောင်းရွာဘက်က ကမ်းခြေမှာ ၅ လောင်းနဲ့ သြဂုတ်လ ၈ ရက်နေ့ ညနေက ၄ လောင်း၊ စုစုပေါင်း ၁၃ လောင်းကို ထပ်တွေ့ထားတာ” လို့ အလောင်းရှာဖွေရာမှာ ပါဝင်တဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စက်လှေနစ်မြုပ်ပြီး ပျောက်ဆုံးနေတဲ့ မွတ်စလင် ၅၅ ဦးအနက် အမျိုးသား ၈ ဦးမှာ ရေကူးလွတ်မြောက်လာခဲ့ကြပြီး အမျိုးသမီး ၂ ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြတာပါ။

ဘာဆာရာကျေးရွာ အုပ်ချုပ်ရေးက “သူတို့က မလေးရှားသို့ သွားရောက်ဖို့ သြဂုတ် ၆ ရက်နေ့ ညနေပိုင်းမှာ ရသေ့တောင်မြို့နယ်၊ အနောက်ပြင်ရွာကနေ စက်လှေနဲ့ ထွက်လာခဲ့ကြတာ။ အားလုံး ရိုဟင်ဂျာ အမျိုးသမီး၊ အမျိုးသား ၅၅ ဦးပါတယ်လို့ သိရတယ်။ စက်လှေသမားကတော့ ဘယ်နှစ်ဦးပါလဲ မသိဘူးဗျ။ အဲဒီစက်လှေက စစ်တွေမြို့ ပွိုင့်ကမ်းခြေ ပင်လယ်ပြင် အရောက်မှာ ဒီရေလှိုင်းကြီးပြီး စက်လှေတိမ်းမှောက်ခဲ့ကြရတာ။ ကျန်တဲ့အလောင်းတွေလည်း ကမ်းခြေမှာ ထပ်တွေ့လာမှာပါ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်တွေဟာ ရခိုင်ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်း မရှိတာ၊ ပညာတတ်ပေမဲ့ အစိုးရအလုပ်တွေမှာ ခန့်ထားခြင်းမရှိတာ၊ လွတ်လပ်စွာ ခရီးသွားလာခွင့် မရရှိတာ၊ ကျန်မားရေး၊ လူမှုရေး စတဲ့ လူအခွင့်အရေးတွေ အပြည့်အဝ မရှိကြတာကြောင့် အခုလို မလေးရှားနိုင်ငံ အစရှိတဲ့ ပြည်ပနိုင်ငံတွေဆီ ပင်လယ်ကိုဖြတ်ပြီး အသက်အန္တရာယ်တွေကြားက အခုလို သွားလာနေကြတာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ရိုဟင်ဂျာ ၁၈၉ ဦး ဖမ်းဆီးရခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။ ပြည်ပနိုင်ငံကို ထွက်ခွာမှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက တရားမဝင် နယ်စပ်ဖြတ်ကျော်မှု လဝကအက်ဥပဒေပုဒ်မ - ၁၃(၁)၊ ၁၃(၂)၊ ၁၃(၅) တို့နဲ့ အမှုဖွင့် အရေးယူတာတွေ ရှိနေတယ်လို့ ရိုဟင်ဂျာ အသိုင်းအဝန်းထံက သိရပါတယ်။

သြဂုတ် ၄ ရက် မနက် ၁၀ နာရီခွဲကလည်း စက်လှေပျက်ပြီး ဧရာ၀တီတိုင်း၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ကိုးသောင်းကျေးရွာနဲ့ လေးမိုင်ခန့်အကွာ ကပ္ပလီပင်လယ်ပြင်မှာ ကျောက်ချရပ်နားနေတဲ့ စက်လှေက မွတ်စလင် ၇၀ ကျော်ကို စက်လှေတစီးနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ မီဒီယာတွေက ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024