Home
မြန်မာသတင်း
စစ်ကောင်စီတပ်များ ဝင်လာသဖြင့် ဒီပဲယင်းနှင့် ခင်ဦးမြို့နယ်တို့က ပြည်သူများ တိမ်းရှောင် 
DVB
·
August 9, 2023

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း အင်အား ၁၀၀ ကျော်ပါတဲ့  စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတဲ့အတွက် ကျေးရွာပေါင်း ၁၀ ရွာကျော်က ‌ဒေသခံပြည်သူတွေ အရေးပေါ် တိမ်းရှောင်နေရပါတယ်။

ဩဂုတ် ၉ ရက် မနက်အစောပိုင်းမှာ စစ်ကြောင်းဝင်လာတဲ့အတွက် ကြခတ်ရွာ၊ မန်ကျည်းစောက်ကျေးရွာ၊ ပုံကံရွာ၊ ကြည်ရွာတွေ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ပြည်သူတွေဟာ အရေးပေါ် တိမ်းရှောင်နေကြရတာပါ။

ဒီပဲယင်းမြို့ခံတဦးက “အရေးပေါ်ရှောင်ကြရတာ၊ လူဦးရေက အရမ်းများတော့ ဘုန်းကြီးကျောင်းတွေမှာ နေကြတယ်။ လှည်းတွေနဲ့ အစုလိုက် တံတားပေါ်တွေမှာ အစုလိုက် အပြုံလိုက် နေနေကြတယ်၊ ဘာမှ မစီစဉ်ပေးရသေးပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့ကတည်းက ဒီပဲယင်းမြို့ကို စစ်ကြောင်းစဝင်ခဲ့တာဖြစ်ပြီး ဩဂုတ် ၂ ရက်နေ့မှာ မရကန်ရွာကို မီးရှို့ပြီးတဲ့နောက် တိုက်ပွဲမှာ အထိနာသွားလို့ စစ်ကြောင်းပြန်ခေါက်ပြီးချိန် လက်နက်ခဲယမ်း အင်အားဖြည့်ပြီး ပြန်ဝင်လာတာဖြစ်တဲ့ အတွက် ဒေသခံတွေ အထူးစိုးရိမ်နေပါတယ်။

ခင်ဦးမြို့နယ်မှာလည်း   သြဂုတ် ၉ ရက် ဒီမနက်  ၅ နာရီလောက်က ရွာသန်းရွာကို စစ်ကောင်စီရဲ့ ရွှေဘိုလေ့ကျင့်ရေး ၈ တပ်နဲ့ ဖိုလ်ကုန်းပျူရွာကနေ စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့တာကြောင့် လက်ပံလှ၊ ကျီးကန်၊ ရေအေးကုန်း ၊ရွာသန်း၊ ပန်းတွင်း၊ လက်ပံကြီးနဲ့ လောင်းရှည် စတဲ့ကျေးရွာတွေက  ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။

ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်း အင်းပတ်ကျေးရွာကို ရေဦးတိုင်းရင်းဆေးရုံမှာ တပ်စွဲထားသောတဲ့ စစ်ကောင်စီတပ်နဲ့ ရွာသစ်ကုန်းပျူရာက ပျူစောထီးတွေ ပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့တာကြောင့် မရမ်းအင်းရွာသား အသက် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၄ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရ မရမ်းအင်းဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေကြောင့် အင်းပတ်၊ ချမ်းသာကုန်း ၊ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်းနဲ့ ကုန်းသာ စတဲ့ရွာများမှ ဒေသခံ ၃၀၀၀ ကျော်ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

အင်ပတ်ဘူတာအနီးမှာတော့ ​ခင်ဦးမြို့နယ်ပကဖနဲ့ ဒေသ ကာကွယ်ရေးအဖွဲ့ KSO အဖွဲ့တို့တွေ ပူးပေါင်းပြီးထောင်ထားတဲ့ မိုင်းထိလို့ စစ်ကောင်စီ တပ်သား ၄ ယောက် ဒဏ်ရာသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024