ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ ဩဂုတ် ၉ ရက်က တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ဒီကနေ့မနက် ၉ နာရီလောက်က လွိုင်ကော်မြို့နဲ့ကပ်လျက် နန်းကွပ်ရွာ ဘီးလူချောင်း ရေစီးကွေ့အနီးမှာ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သွားရောက်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ကလေးတွေက အဲဒီမှာရှိတဲ့ စစ်တပ်ကို သွားတိုက်တာ” လို့ ဒေသခံတဦးက ပြောပေမဲ့ ဘယ်တပ်ဖွဲ့က သွားရောက်တိုက်ခိုက်တာလဲဆိုတာတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိနေပေမဲ့ အရေအတွက် မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ဒီနေ့မနက်ပိုင်းက လွိုင်ကော်မြို့နယ် ပဒါးညေးကျေးရွာဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် ပဲကျဲနဲ့ ပဒါးညေးကျေးရွာက ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ပဒါညေးကျေးရွာအနီးက အမှတ် ၂၅၀ တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့လို့ တိုက်ပွဲတွေဖြစ်ပွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဒီးမော့ဆို၊ ငွေတောင်ဘက်ကနေ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လဆန်းကတည်းက ဒီးမော့ဆို-ဖရူဆို လမ်းမကြီးနဲ့ အနီးနားက တောင်ကြောနေရာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားနေတာ ရက်သတ္တပတ် ကြာမြင့်ပြီဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု အတိအကျ မသိရသေးသလို တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိပါဘူး။
ဒီကနေ့ လွိုင်ကော်မြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး မြို့ခံလူထုအိမ်တွေ တုန်ခါတဲ့အထိ ပြင်းထန်တယ်လို့ မြို့ခံတွေက ပြောပါတယ်။