Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်း၌ စစ်ကောင်စီတပ်က ရွာသားများကို သတ်ဖြတ်၊ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန် 
DVB
·
August 9, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ရွာသားတွေ အပေါ် တရားလက်လွတ် သတ်ဖြတ်တာ၊ ရွာသူ အမျိုးသမီးတွေအပေါ် အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ခဲ့လို့  ရွာသား ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က  ဩဂုတ် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးပတ်ကနေ အခုဩဂုတ် ပထမပတ်အတွင်း  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA _တို့ကြားတိုက်ပွဲတွေဖြစ်နေခဲ့တာပါ။

ဇူလိုင် ၂၃ မှာ စစ်ကောင်စီတပ်က စယ်လန့်ရွာအနီးမှာ TNLA ကိုစတင်ပစ်ခတ် တိုက်ခိုက်ပြီး ၂၄ ရက်မှာ တိုက်ပွဲမရှိပေမဲ့ စစ်တပ်ရဲ့ ခလရ ၂၃ က နမ့်ဖတ်ကာကနေ လက်နက်ကြီးနဲ့ ပတ်တာကြောင့် မိုင်ဆုန်ကုန်းရွာက နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၂၅ မှာ စကစတပ်ဘက်က TNLA ရှိမယ်လို့ထင်ရတဲ့ ဆိုင်းခေါင်ရွာကို လေကြောင်း ကနေ တိုက်ခဲ့လို့ အိမ် တလုံးလက်နက်ကြီးထိမှန်ကာ အသက် ၄၀ ရွယ် ဦးအိုက်လောသေဆုံးပြီး ဇနီးက ခြေထောက်မှာဒဏ်ရာရကြောင်း၊ ညနေပိုင်းမှာ စစ်ကောင်တပ်တပ်ဖွဲ့ဝင်တွေက  သေဆုံးသူရဲ့ ဖခင်ကို ရိုက်နှက်ပြီး အလောင်းကိုလုယူသွားတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ညနေပိုင်းမှာ တီးမရွာ ကချင်နှစ်ချင်းအသင်းတော်က တူးဂျာနဲ့ ဘရန်အောင်တို့ လူငယ် ၂ ဦးကို ခမရ ၅၆၅ တပ်ဖွဲ့ဝင်က လမ်းမှာဖမ်းသွားပြီး နမ့်အွန်ရွာတောင်ကုန်းရှိ သူတို့တပ်စခန်းကိုခေါ်သွားကာ ရိုက်နှက်စစ်ဆေးပြီး သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ မျက်မြင် တွေက ပြောပါတယ်။

ဇူလိုင် ၂၆ မှာ ဦးအိုက်လော၊ တူးဂျာ နဲ့ ဘရန်အောင်တို့ ၃ ယောက်အလောင်းကို TNLA ဝတ်စုံဝတ်ပေးပြီး ဓာတ်ပုံရိုက်ကာ TNLA တပ်သား ၃ ဦးကို အသေဖမ်းမိတယ်လို့ လူမှုကွန်ရက် ကနေ ဝါဒဖြန့်ခဲ့တယ်လို့ ဆိုပါတယ်။

ရွာသားတွေက သူတို့အလောင်းကို လိုက်ရှာရာမှာ ဇူလိုင် ၃၁ မှာ နမ့်အွန်ရွာအနောက်ဘက် တောထဲမှာ မီးရှို့ ၊ မြှုပ်နှံခံထားရတဲ့အနေအထားနဲ့ ပြန်တွေ့တယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၂၉ မှာ ခလရ ၁၂၃ စစ်ကောင်စီတပ်က နမ့်ဖတ်ကာအုပ်စုထဲမှာ KIA တပ်သားတွေ ရောက်နေတယ်လို့ထင်ရတဲ့ရွာတွေဘက် လက်နက်ကြီးတွေနဲ့ရမ်းပစ်ခတ်ခဲ့ပြီး လွယ်ကုန်းရွာ က နေအိမ် ၁ လုံးထိမှန်ကာ ဒေါ်အေးအိုင် ( ၆၀ နှစ်) သေဆုံးပြီး ဒေါ်အေးဝမ်း( ၄၀ နှစ်) ၊ လွေးပပ ဝင်း ( ၁၅ နှစ် ) တို့ ဒဏ်ရာရခဲ့ပါတယ်။

အဲဒီ‌နေ့ ညနေပိုင်းမှာဘဲ ခလရ ၂၄၂ စစ်ကြောင်းဟာ မန်နောင်ရွာကိုရောက်လာပြီး မန်နောင်ဘုန်းကြီးကျောင်းဝင်းထဲက အရပ်သား ၂ ဦးကို ဖမ်းဆီးကာ ၁ ဦးကို ကျောင်းဝင်းထဲမှာ ပစ်သတ်ပြီး အလောင်းကိုတောထဲယူသွားတယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၃၀ မှာ ခမရ ၅၆၉ တပ်က ကွတ်ခိုင်မြို့နယ် ဆွန်လုံရွာက ကြံခင်းနဲ့ ဘုန်းကြီး ကျောင်းမှာတပ်စွဲကြောင်း၊ ညရောက်တော့ တပ်သား ၄ ဦး ဆွန်လုံရွာထဲဝင်လာပြီး ၂ ဦးက အိုက်စိုင်းနဲ့ နန်းလောဝ်တို့ ဇနီးမောင်နှံအိမ်ကို ဝင်ရောက်ကာ ခင်ပွန်းကိုသေနတ်နဲ့ချိန် လက်ပြန်ကြိုးတုတ်ပြီး ကိုယ်ဝန်သည် ဇနီးဖြစ်သူကို ခင်ပွန်းရှေ့မှာဘဲ ရင်သားဆုပ်နယ်ခြင်း၊ အမျိုးသမီးအင်္ဂါမဖွယ်မရာပြုခြင်းတွေလုပ်ခဲ့ကြောင်း၊ ခင်ပွန်းက ကျယ်လောင်စွာအော်ဟစ် တောင်းပန်လို့ အိမ်နီးချင်းတွေရောက်လာမှ အဆိုပါတပ်သား ၂ ဦး ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာဘဲ နောက်ထပ်စကစ တပ်သား ၂ ဦးဟာ အဲဒီရွာက စိုင်းမောင်နဲ့ နန်းထွေးတို့အိမ်ကိုလည်း ‌ရောက်သွားပြီး ခင်ပွန်းနဲ့ ကလေး နှစ်ယောက်ကို သေနတ်နဲ့ချိန် အပြင်ထွက်ခိုင်းကာ ကျန်ရစ်တဲ့ ဇနီးဖြစ်သူ နန်းထွေးကို သေနတ်နဲ့ချိန်ပြီး တလှည့်စီ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်တနေ့မနက်မှာ ရွာသားတွေက အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ရွာဦးကျောင်းထိုင်ဆရာတော်ကို တိုင်တန်းခဲ့ကြောင်း၊ ဆရာတော်က စစ်ကြောင်းမှူးကို ခေါ်ပြောရာမှာ စစ်ကြောင်းမှူးက ကျူးလွန်တဲ့စစ်သားတွေရွေးထုတ်ခိုင်းပြီး ရွာသားတွေရှေ့မှာ ရိုက်နှက်ဆုံးမခဲ့တယ်။ ဒါပေမဲ့ ဒီကိစ္စ သတင်းမီဒီယာတွေကို မပြောရ၊ ပေါက်ကြားက ရွာကို လက်နက်ကြီးနဲ့ပစ်မယ်လို့ ခြိမ်းခြောက်သွားတယ်လို့ ဆိုပါတယ်။ 

ဩဂုတ် ၂ ရက်မှာ မူဆယ်က ထွက်လာတဲ့ စကစအင်အား ၁၀၀ ခန့်ရှိ ယာဉ်တန်းကို တပ်ဖွဲ့ဝင်တွေက ၁၀၅ မိုင်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ၁၀၅ မိုင်ရှိ စကစတပ်က အဝေးကနေလက်နက်ကြီးနဲ့ လှမ်းပစ်ကူရာမှာ ၁၀၅ မိုင်ရွာက နေအိမ် ၁ လုံး လက်နက်ကြီးကျပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနေ့မှာပဲ စယ်လန့်ကျေးရွာ လွယ်တေးမိန်းတောင်မှာ တိုက်ပွဲဖြစ်ပြီး စယ်လန့်ရွာထဲ လက်နက်ကြီးကျလို့ နေအိမ် ၆ လုံးပျက်စီး ကလေး တယောက်နဲ့ အမျိုးသမီး တယောက်ဒဏ်ရာ ရခဲ့ပါတယ်။

အဆိုပါတိုက်ပွဲတွေကြောင့် ရွာသားတွေဟာ မူဆယ်နဲ့ နမ့်ခမ်းမြို့ပေါ်နဲ့  တချို့က ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024