Home
နိုင်ငံတကာ
AEK အေသင်အသင်းနှင့် ဒိုင်နမိုဇာဂရက်ဘ်အသင်း ပရိသတ်များ ရန်ပွဲဖြစ်ပြီး ၁ ဦးသေဆုံး
DVB
·
August 9, 2023

ဂရိနိုင်ငံ အေသင်မြို့ရှိ AEK အေသင် ဘောလုံးကလပ်အသင်းနဲ့ ဒိုင်နမို ဇာဂရက်ဘ် ခရိုအေးရှား ဘောလုံးကလပ်အသင်း ပရိသတ်တွေအကြား အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားတဲ့ ပရိသတ်တယောက်  သြဂုတ် ၈ ရက်က သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တနင်္လာနေ့နှောင်းပိုင်းက နီယာဖှီလာဒဲလ်ဖှီးယား ဆင်ခြေဖုံးမြို့ရှိ AEK ဘောလုံးကွင်း အပြင်ဘက်မှာ ကလပ်အသင်း နှစ်သင်းရဲ့ ပရိသတ်တွေအကြား ခိုက်ရန်ဖြစ်ပွားမှုအတွင်း အသက် ၂၉ နှစ်အရွယ် အမျိုးသားဟာ ဓားနဲ့ထိုးခံခဲ့ရတာဖြစ်ကြောင်း ရဲအရာရှိတဦးက ပြောပါတယ်။

တနင်္လာနေ့နှောင်းပိုင်းမှာ ဒိုင်နမို ဇာဂရက်ဘ် ပရိသတ်အင်အား ၁၀၀ ကနေ ၁၂၀ လောက်ဟာ AEK ပရိသတ်တွေ စုဝေးကြရာ AEK အားကစားကွင်းအနီးကို ရောက်ရှိလာခဲ့ကြတာ လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဧည့်သည်အသင်းရဲ့ လေ့ကျင့်ရေးချိန် ပြီးဆုံးပြီးနောက် ၁ နာရီကျော်အကြာ ရန်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒိုင်နမို ဇာဂရက်ဘ်အသင်းလည်း အားကစားရုံကနေ ထွက်ခွာခဲ့ပြီး နှစ်ဖက်အသင်းရဲ့ ပရိသတ်တွေဟာ မီးစတွေ၊ ကျောက်ခဲတွေ၊ အိမ်လုပ် ဖောက်ခွဲရေးပစ္စည်းတွေကို တဖက်နဲ့တဖက် ပစ်ပေါက်နေကြကြောင်းလည်း ရဲတွေက ပြောဆိုပါတယ်။

ဂရိပရိသတ် ၃ ဦးနဲ့ ခရိုအေးရှား ပရိသတ် ၅ ဦးတို့လည်း ဒဏ်ရာရရှိခဲ့ပြီး ကုသမှု ခံယူနေကြကြောင်းနဲ့ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်မှုနဲ့ လူ ၉၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒိုင်နမိုဇာဂရက်ဘ် ခရိုအေးရှား ဘောလုံးကလပ် အသင်းကတော့ ဒီဖြစ်ရပ်ကို ရှုတ်ချကြောင်း အသင်းဝက်ဘ်ဆိုက်မှာ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အင်္ဂါနေ့မှာ AEK အားကစားကွင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ AEK အေသင် နဲ့ ဒိုင်နမို ဇာဂရက်ဘ် အသင်းတို့ကြား UEFA ချန်ပီယံလိဂ် ခြေစစ်ပွဲ ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ကြောင်း ဂရိရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

ဂရိဘောလုံးအသင်းဟာ ကွင်းအတွင်းနဲ့ ကွင်းပြင်ပမှာ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အာဏာပိုင်တွေက ကစားပွဲကို ရှင်းလင်းပေးမယ်လို့ အကြိမ်ကြိမ် ကတိပြုထားပါတယ်။

ဘောလုံးပရိသတ်တွေအကြား ပြင်းထန်တဲ့ ရန်ပွဲတွေဟာ ပွဲမစမီ သို့မဟုတ် ပွဲအပြီးမှာ မကြာခဏ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024