Home
မြန်မာသတင်း
ရခိုင်နှင့် ချင်းတွင်း ရေကြီး၊ တံတားအချို့ မျောပါနစ်မြုပ်နေပြီး ဒေသခံ ၈၀၀၀ ကျော် ရွှေ့ပြောင်းထားရ
DVB
·
August 9, 2023

ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းမြို့၊ တောင်ကုတ်မြို့နယ်တွေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့တို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မြစ်ရေကြီးနေတာကြောင့် တံတားအချို့ မျောပါ နစ်မြုပ်နေပြီး ဒေသခံ ၈ ထောင်ကျော် ရေဘေးလွတ်ရာ နေရာတွေကို ယာယီရွှေ့ပြောင်းထားကြရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းသွားလမ်းရှိ တံတား ၁  စင်း ရေထဲ မျောပါပြီး တံတား ၂ စင်း ရေနစ်မြုပ်နေတာကြောင့် ကျေးရွာပေါင်း ၃၀ လောက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ မနက် ၁၂ နာရီကျော်မှာ လက်ယာချောင် တံတား တောင်ကျရေနဲ့ တဝက်မျောပါသွားခဲ့တယ်။  မိုးများတောချောင်းတွေမှာ ရေပြည့်လာတယ်။ တောင်ကျရေနဲ့ မြေပြင်ရေကျတာ ကြမ်းလာတော့ တံတားတွေ ရေထဲမျောပါသွားတာ” လို့ သစ်တုံးနားကျေးရွာသားတဦးက ပြောပါတယ်။

လက်ယာချောင်းတံတား တဝက်ခန့် ရေထဲမျောပါသွားသလို မာစေးကျေးရွာ တံတားနဲ့ ကြောင်နဘေ ကျေးရွာတံတားတို့မှာလည်း ကားနဲ့ ဆိုက်ကယ်တွေ သွားမရနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“မောင်တောမြောက်ပိုင်းကို ဘယ်လိုမှ သွားလို့မရတော့ဘူး။ လက်ယာချောင်းတံတားက တဝက် ပါသွားပြီး။ ကြောင်နဘေနဲ့ မာစေး ​ကျေးရွာတံတားတွေကလည်း လုံးဝသွားမရတော့ဘူး။ စားဝတ်နေရေး တော်တော်လေး အခက်အခဲကြုံလာမှာပါ”လို့ ဒေသခံတဦးက ပြောပါတယ်။

တံတားတွေပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတာကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းရှိ မြဝတီ၊ သက်ကိုင်ညှာ၊ နတ်ချောင်း၊ နန်းရာကိုင်း၊ တမန်းသား၊ သစ်တုံးနားခွဆုံ၊ မင်းခမောင်း၊ ခမောင်းဆိပ်၊ ငါးရံချောင်း၊ ဝေလာတောင်၊ ကာလာဒေဘတ်၊ ရဲအောင်စံရပွေ၊ ကြောင်နဖေ၊ ရဲအောင်ချောင်း၊ မင်္ဂလာညွှန့်၊ အောင်သပြေ၊ တပ်ချောင်း၊ အင်တူလာ၊ ဘေယ်တူလာ၊ ဘောင်းဘီ၊ ဒုံးညို၊ ပျားရည်၊ ဗန္ဓုလ စတဲ့ ကျေးရွာ ၃၀ လောက်  သွားလာရေးအခက်အခဲဖြစ်နေပြီး စားနပ်ရိက္ခာ ပြတ်တောက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။

ရေကြီးမှုကြောင့် မြောက်ဦးက လူဦးရေ ၂၅၀၀ ကျော်၊ ကျောက်တော်က ၂၅၀၀ကျော်၊ မင်းပြားက ၂၀၀၀ နီးပါး၊ ဘူးသီးတောင်၊ မောင်တောနဲ့ တောင်ကုတ်မြို့နယ်တွေမှာလည်း လူဦးရေ ရာနဲ့ချီ ရွှေ့ပြောင်းထားရတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း စစ်ဘေးရှောင် ၅၀၀ ကျော်ဟာ ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားတောင်ကုန်းတွေ၊ အဆောက်အဦတွေနဲ့ အမြင့်ဆောက်လုပ်ထားတဲ့ အိမ်တွေဆီကို ယာယီရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့ရှိ မြတန်းဆောင်းစစ်ဘေးရှောင်စခန်းအတွင် ရေမြင့်တက်လာတဲ့အတွက် အိမ်ထောင်စု ၂၂၃ စုက လူဦးရေ ၁၁၁၆ ဦကို ကျောင်းအတွင်းရှိ ဘုန်းကြီးဆောင်နဲ့ ဓမ္မာရုံတွေကို ယာယီရွှေ့ပြောင်းထားရပြီး စားဝတ်နေရေး အခက်အခဲကြုံနေကြတယ်လို့ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။

“စစ်ဘေးရှောင်တွေနေတဲ့ နေရာက မြေနိမ့်ပိုင်းဆိုတော့ ရေနစ်မြုပ်လာတာကြောင့် ကျောင်းဝင်းအထဲကို အကုန်လုံးရွှေ့ပြောင်းထားကြရတယ်။ ကျောင်းအတွင်းက ဓမ္မာရုံတွေမှာ နေရာက သိပ်မဆံ့တော့ အကုန်လုံး ပြွတ်သိပ်ပြီးတော့ နေကြရတယ်။ စစ်ဘေးရှောင်တွေမှာ WFP ထောက်ပံ့မှုအနည်းငယ်နဲ့ မလုံလောက်တာကြောင့် ကိုယ်တိုင်ရှာဖွေ စားသောက်နေကြရတာကြောင့် အခု ရေကြီးနေတော့ အလုပ်လည်းမလုပ်ကြရတော့ စားဝတ်နေရေးက ခက်ခဲလာနေကြတယ်။” 

ဒါ့အပြင် မြောက်ဦးမြို့ ဆိပ်ချဆိပ်ရပ်ကွက်က အိမ်ထောင်စု ၂၃ စုက လူဦးရေ ၁၀၃ ဦးကိုလည်း နီးစပ်ရာ မိသားစုအိမ်တွေကို ရွှေ့ပြောင်းထားရပြီး လေမြို့မြစ်ကမ်းရှိ ကျေးရွာတွေက ဒေသခံတွေနဲ့ ရင်းချောင်းရှိ ကျေးရွာတွေမှာ မြစ်ရေတက်လာတဲ့အတွက် ဒေသခံ ၁ ထောင်ကျော်လောက်ဟာ ရေလွတ်ရာ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေကို ယာယီရွှေ့ပြောင်းထားကြရတယ်လို့ ဒေသတွင်းလူမှုကူညီရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းအတွင်းမှာ ရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က လူဦးရေ ၁ ထောင်ကျော်လည်း ယာယီရွှေ့ပြောင်းထားရပြီး ဘုရားတောင်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ အမြင့်တည်ဆောက်ထားတဲ့ အိမ်တွေကို ရွှေ့ပြောင်းနေကြရတယ်လို့ မင်းဖူးကျေးရွာက ဦးမောင်လှက ပြောပါတယ်။

“ကျနော်တို့ရွာမှာတော့ လူဦးရေ ၃၀၀ ကျော်လောက်က ဘုန်းကြီးကျောင်းနဲ့ အိမ်အမြင့်တွေကို ရွှေ့ပြောင်းနေကြရတယ်။ ရေကတော့ ၆ ပေလောက်အထိ တက်နေတယ်။ မိုးက တအားရွာနေတော့ ရေမဆင်းတော့ဘဲ ရေကြီးနေတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်နေလို့ စားနပ်ရိက္ခာတချို့ ပြတ်တောက်မှုရှိလာနေပြီး ဆေးဝါးတွေကလည်း မရှိတော့ဘူး” လို့ ပြောပါတယ်။

အဲဒီ ပန်းမြောင်းကြီး ချောင်းထဲမှာ ရွှေကျန်၊ မင်းဖူး၊ ကုလာမတောင် စတဲ့ ကျေးရွာကြီးတွေ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်ရှိပြီး တချို့ရွာတွေမှာ သောက်ရေကန် တချို့ ရေဖုံးလွှမ်းသွားပြီလို့လည်း သိရပါတယ်။

ကျောက်တော်မြို့နယ်မှာလည်း လူဦးရေ ၁ ထောင်ကျော် ယာယီရွှေ့ပြောင်းထားရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး မြို့နယ်အတွင်း ကျေးရွာ ၄၀ ကျော် ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ် ကုလားတန်မြစ်၊ သရီချောင်းနဲ့ ယိုးချောင်းတို့မှာ ရေကြီးမှုတွေကြောင့် ဒေသခံ ၁၀၀၀ ကျော်ဟာ ရွှေ့ပြောင်းထားရတယ်လို့ ကျောက်တော်မြို့ခံ ကိုအောင်စိုးက ပြောပါတယ်။

“ကျောက်တော်မြို့နယ်မှာတော့ ကုလားတန်မြစ် သရီချောင်းနဲ့ ယိုးချောင်းမှာ ရှိတဲ့ ကျေးရွာအနည်းဆုံး ၄၀ ကျော်လောက် ရေကြီးနေတယ်။ ညောင်ချောင်းတို့ ကျောက်တလုံ ဘက်တွေမှာ ဆိုရင် လူဦးရေ ၁၅၀၀ ကျော်လောက်ကို ရွှေ့ပြောင်းထားရတယ်။ တခြား ယိုးချောင်းနဲ့ ကုလားတန်မြစ်နံဘေးက ရွာတွေမှာလည်း အနည်းနဲ့အများတော့ ရွှေ့ပြောင်းထားကြရတာ ရှိတယ်။ မိုးရွာသွန်းမှုက မတန့်တာကြောင့် ရေက လုံးဝမကျသေးတာ​ဘဲ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိသေးတယ်” လို့ ပြောပါတယ်။

ယိုးချောင်းအထဲမှာရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာအချို့မှာလည်း ရေနစ်မြုပ်နေတဲ့အတွက် ဒေသခံအချို့ ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြို့နယ် ကျေးရွာတချို့မှာလည်း ရေကြီးနေတာကြောင့် ဒေသခံအချို့ ယာယီရွှေ့ပြောင်းသွားကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မြောက်ဦးမြို့နယ် ကိုင်းတောကျေးရွာအနီးနဲ့ ဆီသည်ကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်းမှာ ရေနစ်မြုပ်နေတဲ့အတွက် လမ်းခရီးတွေကို စုံစမ်းပြီးမှ သွားလာကြဖို့ ပြည်နယ်စစ်ကောင်စီက တိုက်တွန်းထားပါတယ်။

ရေကြီးနေတဲ့ မြို့နယ်တွေမှာ ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့အနေနဲ့ သတိပေး ဆော်သြတာတွေနဲ့ ရွှေ့ပြောင်းပေနေတာတွေရှိတယ်လို့ တာဝန်ရှိသူတဦးကပြောပါတယ်။

သြဂုတ် ၈ ရက်နေ့ ညနေ့ ၆ နာရီခွဲ တိုင်းထွာချက်များအရ လေးမြို့မြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ၃၄၉ စင်တီမီတာခန့် မြင့်တက်နေပြီး ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ထက် ၃ ပေခန့် မြင့်တက်လာနိုင်သလို ကုလားတန်မြစ်မှာလည်း စိုးရိမ်ရေမှတ်အောက် ၁၈ စင်တီမီတာခန့်သာ ရှိတော့ကြောင်း၊  ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မိုးကောင်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024