Home
နိုင်ငံတကာ
ပြည်တော်ပြန် ထိုင်းဘုရင့်သားတော် ကလေးပြုစုစောင့်ရှောက်ရေးဂေဟာ သွားရောက်
DVB
·
August 9, 2023

နှစ်ပေါင်း ၂၇ နှစ်အတွင်း သူ့ရဲ့ဇာတိမြေကို ပထမဆုံးအကြိမ် ပြန်ရောက်လာတဲ့ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်ရဲ့ ဒုတိယအကြီးဆုံးသားတော်ဟာ ဩဂုတ် ၈ ရက်က ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအတွက် ကလေးပြုစုစောင့်ရှောက်ရေးဂေဟာကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် ဝါချာရာဆုန် ဝီဝါချာရာဝုန်ရဲ့ ခရီးစဉ်ဟာ ဒီဇင်ဘာလကတည်းက ဘုရင်ကြီးရဲ့ သမီးအကြီးဆုံး သတိလစ်မေ့မျောနေလို့ ထိုင်းတော်ဝင်မိသားစုအတွက် စိတ်ပင်ပန်းနွမ်းနယ်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဥပဒေကုမ္ပဏီတခုမှာ အလုပ်လုပ်နေတဲ့ ဝီချာရာဆုန်ဟာ တော်ဝင်မိသားစုက ပံ့ပိုးပေးထားတဲ့ Slum Child Care ဖောင်ဒေးရှင်းဆီ သွားရောက်ပြီး နှုတ်ခွန်းဆက်စကား ပြောခဲ့ပါတယ်။

ဂျင်းဘောင်းဘီနဲ့ အနက်ရောင် ရှပ်အင်္ကျီကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားတဲ့ ဝီချာရာဆုန်ဟာ နှစ်ပေါင်း ၇၀ ကြာ ထီးနန်းစိုးစံပြီးတဲ့နောက် ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ သူ့အဘိုး ဘုရင် ဘူမိဘော အဒူလျာဒက်နဲ့ သူ့ဖခင် ဘုရင် မဟာဝဇီရာလောင်ကွန်တို့ရဲ့ ပုံတူတွေရှေ့မှာ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

ဝီချာရာဆုန်က “ကျနော် ပြန်လာရတာ ဝမ်းသာပါတယ်။ ကျနော် ဝေးနေတာ ၂၇ နှစ်ကြာပြီ၊ ပြန်လာဖို့ဆိုတာ အိပ်မက်တခုလိုပါပဲ” လို့ ဘန်ကောက် ဖောင်ဒေးရှင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

သူ့ခရီးစဉ်နဲ့ပတ်သက်ပြီး တော်ဝင်နန်းတော်က မှတ်ချက်မပေးပါဘူး။ မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို နန်းတော်မိသားစု ဗျူရိုက မတုံ့ပြန်ပါဘူး။

ဝီချာရာဆုန်ဟာ ဘုရင်ဝဇီရာလောင်ကွန်ရဲ့ ဒုတိယကြင်ယာတော် ဆူကျာရီနီး ဝီဝါချာရာဝုန်ရဲ့ သားလေးယောက်ထဲက ဒုတိယမြောက်သားပါ။ မိခင်က ရုပ်ရှင်မင်းသမီးကနေ အိမ်ရှေ့စံကြင်ယာတော် ဖြစ်လာခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။

ဝီချာရာဆုန်ဟာ ဘုရင်တပါးရဲ့ မြေးတော်အဖြစ် ငယ်ငယ်တုန်းက အပ်နှင်းထားတဲ့ အဆင့်အတန်းကို အစဉ်အလာအရ ထိန်းသိမ်းထားပေမဲ့ တရားဝင် တော်ဝင်ဘွဲ့တော့ သူ့မှာ မရှိပါဘူး။

သူ့မိခင်ဟာ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ လူသိရှင်ကြား စွပ်စွဲခံခဲ့ရလို့ ၁၉၉၆ ခုနှစ်မှာ ကွာရှင်းပြတ်စဲပြီးတဲ့နောက် သူ့မိခင်၊ ညီအစ်ကိုသုံးယောက်နဲ့ ညီမတဦးတို့ဟာ နိုင်ငံခြားကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။

ညီမငယ်ကို နောက်ပိုင်းမှာ တော်ဝင်မိသားစုက ပြန်လက်ခံခဲ့ပြီး တော်ဝင်မင်းသမီး စီရိဝဏ္ဏဝါရီ ဘွဲ့တော်ကို ပေးအပ်ခဲ့ပါတယ်။ သူဟာ ၂၀၁၄ အာရှအားကစားပြိုင်ပွဲမှာ ထိုင်းနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာနဲ့ မြင်းစီးအားကစားမယ် ဖြစ်လာခဲ့ပါတယ်။

သုံးကြိမ်ကွာရှင်းထားတဲ့ ထိုင်းဘုရင် ဝဇီရာလောင်ကွန်မှာ သားသမီး ၇ ဦး ရှိတာပါ။ သူဟာ ၂၀၁၉ ခုနှစ် နန်းတက်ပွဲမတိုင်မီ ရက်ပိုင်းအလိုမှာ သူ့ကိုယ်ရံတော်ဖြစ်သူ မိဖုရား စုသီတာနဲ့ မင်္ဂလာဆောင်ခဲ့ပါတယ်။ အသက် ၇၁ နှစ်ရှိတဲ့ ဘုရင်ဟာ တရားဝင် နန်းမွေဆက်ခံသူရဲ့ နာမည်ကို မကြေညာရသေးပါဘူး။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024